ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေအတွင်းရှိ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေထိုင်ရာ အိမ်တွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ သံဃာ တစ်ပါး အပါအဝင် အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေရှိခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်) လိန်ပင်ရွာကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၁၀ရက်ညမှာ လေကြောင်း ဗုံးကြဲခဲ့ရာ အသက် ၄၆နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း အသိပေးပါတယ်။
အဲဒီ ဖြစ်စဉ်မှာ နွာ ၆ကောင်သေဆုံးခဲ့သလို ပြည်သူပိုင် လက်တွန်းထွန်စက်၊ စျေးဆိုင်နဲ့ နေအိမ်တွေ ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ညောင်လေးပင်ခရိုင် ရွှေခဲစုရွာကိုလည်း နတ်သံကွင်းအထိုင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၄၇)နှစ် အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး နေအိမ်၊ နွားတဲ၊ ထော်လာဂျီ ပျက်စီးမှုတွေရှိခဲ့ကြောင်း ဖော်ပြပါတယ်။ နွေး ၁ကောင်သေဆုံးတာ နေအိမ်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။
ဒီဇင်ဘာ ၈ရက်ကလည်း နတ်သံကွင်း စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ကျောက်ကြီးမြို့နယ် ကျောက်စရစ်အရှေ့ဘက်ကမ်းကျေးရွာကို တိုက်ခိုက်ခဲ့ရာ ကျေးရွာ ဆေးပေးခန်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပါရာမော်တာ (စက်တပ် လေထီး) အသုံးပြုပြီး ကျောက်စရစ်အနောက်ဖက်ကမ်း ကျေးရွာတွင်းထပ်မံ ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်း(၂)လုံးထိမှန်ပျက်စီးပြီး အသက် (၇၈)နှစ်အရွယ် သံဃာတော်တပါးနဲ့ အသက် (၇၆)နှစ်အရွယ် အဘွားအိုတဦး သေဆုံးကာ အသက် (၁၃)နှစ်အရွယ် ကလေးငယ် တဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီးမှုများ ရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်းလည်း KNUက အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီဇင်ဘာ ဒုတိယပတ်မှာ နိုင်ငံတဝန်းလေကြောင်း စစ်ဆင်ရေးတွေအရှိန်မြှင့်တိုက်ခိုက်လျက်ရှိပြီး လေကြောင်း တိုက်ခိုက်မှု အများစုဟာ ဆေးရုံတွေ အပါအဝင် အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို အဓိက ထား လေကြောင်း တိုက်ခိုက်နေတာဖြစ်ပါတယ်။

















































