ဒီဇင်ဘာ – ၁၃ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ဆီအာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ခရီးစဉ်အတွင်းစစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့တွေက လုံခြုံရေးအကြောင်းပြကာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ် ၊ ဘေးတွဲဆိုင်ကယ် တွေကို ပြန်မပေးတာကြောင့် သိမ်းဆည်းခံရတဲ့ ပိုင်ရှင် ပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက် ကမန္တလေးမြို့ဆီရောက်လာတဲ့စစ်ကောင်စီခေါင်းဆောင်ရဲ့ခရီးစဉ်မတိုင်ခင်နဲ့ ခရီးစဉ်ကာလအတွင်း မန္တလေးမြို့က ဆင်ခြေဖုန်း ရပ်ကွက်တွေ၊ အမရပူရ ၊ ပုသိမ်ကြီးမြို့နယ်တွေထဲမှာပါတဲ့ ကျေးရွာတွေက လိုင်စင်မဲ့ဆိုင်ကယ်တွေ ၊ ဘေးတွဲဆိုင်ကယ် တွေကို စီမံချက်နဲ့ဖမ်းဆီးခဲ့တာပါ။
“ အရင်ကဖမ်းရင် ငွေပေးပြီး ပြန်ထုတ်လို့တယ်၊ အခုက လူလိုက်လာရင် လူပါဖမ်းမယ်လို့ပြောတာ”လို့ ပုသိမ်ကြီးမြို့နယ် ၁၆မိုင်စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခံရသူကပြောပါတယ်။

Public Service Announcement
ဒါကြောင့် ဘေးတွဲဆိုင်ကယ်မောင်းပြီး နေ့စဉ်စားဝတ်နေရေးဖြေရှင်းနေရသူတွေအတွက် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
လက်ရှိမန္တလေးမှာလိုင်စင်နဲ့ တရုတ်ဆိုင်ကယ်တစ်စီးကိုကျပ်သိန်း၃၀ ကျော်အထိ ပေါက်ဈေးရှိလာတဲ့အတွက် ပုသိမ်ကြီး၊အမရပူရမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသခံတွေက လိုင်စင်မဲ့ဆိုင်ကယ်ကိုသာ အားထားအသုံးပြုနေကြတာပါ။
ဆိုင်ကယ်ကို လူတင်ဖို့ နဲ့ကုန်တင်ဖို့ ဘေးတွဲတပ်ထားတဲ့ အရပ်အခေါ် ဘေးတွဲ တွေ ဆက်လက်ဖမ်းဆီးထားဆဲလို့သိရပါတယ်။
“ဘေးတွဲကလည်း ပြန်ရွေးမရတော့ ဘာလုပ်စားရမလဲမသိဘူး၊ အလုပ်မလုပ်ရတာ တစ်ပတ်ကျော်ပြီ”လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဘေးတွဲ ပြေးဆွဲနေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
မန္တလေးမှာ လိုင်စင်မဲ့ ဆိုင်ကယ်နဲ့ ဘေးတွဲတွေကို နိုဝင်ဘာလကုန်ကနေ ဒီဇင်ဘာလ ၁၀ရက်အထိ စစ်တပ်၊ရဲ၊ယာဉ်ထိန်းနဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ရွေ့လျားစနစ်နဲ့လိုက်လံဖမ်းဆီးခဲ့တာပါ။
ဖမ်းမိထားတဲ့ ယာဉ်တွေကို ပြည်သူပိုင်သိမ်းလိုက်တယ်လို့ သိရပါတယ်။

















































