Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲပြန်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၁၉ဦး သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဒီနေ့ မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲနေပါတယ်။

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၁၉ဦး သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဒီနေ့ မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲနေပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အင်ဘုတ်ကျေးရွာနားကို နေ့လယ် ၁၂နာရီ ၄၆မိနစ်မှာ လေကြောင်းကနေ ဗုံးကြဲပြီး ၁ နာရီ ၈မိနစ်မှာ ပါရာမော်တာနဲ့ ဗုံးကြဲတာလို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ ဂျက်ဖိုက်တာလာပြီး နောက်ကနေ ပါရာမော်တာနဲ့ထပ်ကြဲတာ။ အခုထိတော့ အထိအခိုက်မကြားရသေးဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က‌ တော့ ထိခိုက်မှုအခြေအနေကိုစုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၅ ရက်ည က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူ ၁၉ဦး သေဆုံးခဲ့ပါတယ်။ ၂၀ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ပြီး အခုလည်း တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးလာကြဲတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာထဲမှာ အစုလိုက် အပြုံလိုက်သေဆုံးမှုတွေအနေနဲ့ ဒီဇင်ဘာ ၅ရက်က ဒီပဲယင်းမြို့ကို လေကြောင်းကနေဗုံးကြဲတဲ့ဖြစ်စဉ်အပြင် ဒီဇင်ဘာ ၆ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကို ဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင် ၉ဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ရက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်လို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ရက်မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို လေကြောင်းကနေတိုက်ခိုက်တာမှာ စစ်ဘေးရှောင်ရှစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြို့တွေကို လေကြောင်းကနေ တိုက်ခိုက်မှု အရှိန်မြှင့်နေလို့ တော်လှန်ရေးအင်အားစုတွေက သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ