ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ မိုမို/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်တိုက်ပွဲထဲက စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ မြိုင်ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄(ကပစ ၂၄)ကနေ အစပြုပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒီဇင်ဘာ ၁၁ ရက်က တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းက ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို မနေ့က ဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်သားတစ်ဦးက လက်နက်နဲ့အတူ မြိုင်ပကဖ၊ ပေါက်ပကဖ နဲ့ MAGWAY PDF တပ်ပေါင်းစုဆီကို ထွက်ပြေးလာတာလို့ အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်သားကို စစ်ဆေးချက်တွေအရ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်က ဖြစ်ပြီး စတခ (၄) ပင်လောင်းကနေ စစ်မှုထမ်း သင်တန်းဆင်းခဲ့ရကာတပ်မ (၉၉) ဆီရောက်ခဲ့တယ်လို့ သိရပါတယ်။
သူ့ဆီကနေ MA-4 တစ်လက်၊ ကျည်ဘောက် လေးဘောက်၊ ကျည် (၉၂)တောင့် ရရှိတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရွှေဘုံသာ(ပျူစောထီး)ရွာကနေ ချောင်းဝကျေးရွာ၊ ဝက်ပုတ်ကျေးရွာတွေမှာတပ်စွဲပြီး ချောင်းကူးရွာနဲ့ ပျမရွာက ယောင်္ကျားသားမှန်သမျှကို လမ်းတွေ ပြန်လည်ပြုပြင်ဖို့ စေခိုင်းတာတွေရှိတယ်လို့လည်း မြိုင်ပကဖ က အသိပေးပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အသေခံဒရုန်းတွေ ပိုအသုံးပြုလာပြီး နှစ်ဖက် တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောက်စီဘက်က နင်းမိုင်းမိထားတဲ့သူတချို့ရှိတယ်လို့လည်း မြိုင် ပကဖ က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျွန်းတိုင်းရွာ အပါအဝင် စစ်ရှောင်နေရတဲ့ ရွာ တွေက ပြည်သူတွေကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေနဲ့ တိရစ္ဆာန် တွေကို ယူဆောင်နေတာရှိတယ်လို့ သိရပါတယ်။
“မြို့ မြောက်ဘက်ခြမ်းတကြောလုံး စစ်ရှောင်နေရတာ။ ရွာကတော့ ၁၀ ရွာထက်မနည်းဘူး။ ကပစ ၂၄ ကို ကာချင်တာထက် မြို့မြောက်ဘက်ခြမ်းက သူတို့ အာဏာစက်မရောက်တဲ့ရွာတွေကို မွှေတာ”လို့ ပေါက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လကတည်းက မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီက အလုံးအရင်းနဲ့ စစ်ကြောင်းထိုး နေတာက ရွေးကောက်ပွဲလုပ်နိုင်အောင် နယ်မြေအသာစီးရယူဖို့ လို့ အညာမြေတပ်ပေါင်းစုက သုံးသပ်ထားပါတယ်။
ပေါက်မြို့နယ်ထဲ စစ်ရေးအရ တိမ်ရှောင်နေရသူတွေထဲမှာ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ ဖျားနာမှုများလာပြီး စောင်၊ ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက တောင်းဆိုထားပါတယ်။

















































