ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ People’s Spring
အကြမ်းဖက် စစ်တပ်ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအပေါ် ဂျပန်ရောက်မြန်မာပြည်သူလူထုရဲ့ သဘောထားစစ်တမ်းရလဒ်ကိုဂျပန်နိုင်ငံခြားရေးဌာနထံ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
နို၀င်ဘာ ၁၁ ရက်ကနေ ၃၀ရက်အထိ ကောက်ယူခဲ့တဲ့ ဂျပန်ရောက်မြန်မာပြည်သူလူထုရဲ့ သဘောထား စစ်တမ်းကို ပါ၀င်ဖြေဆိုသူပေါင်း ၁၅,၁၆၇ ဦးရှိခဲ့ပြီး အဲဒီထဲက ၉၉ ရာခိုင်နှုန်းဟာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်းဖြေဆိုခဲ့ကြပါတယ်။
ဖြေဆိုသူ ၉၉.၆ ရာခိုင်နှုန်းမှာ ကြိုတင်မဲပေးဖို့လျှောက်လွှာ (ပုံစံ ၁၅) တင်ခဲ့ခြင်းမရှိကြောင်း၊ ၉၇.၇ ရာခိုင်နှုန်းမှာ အုပ်ချုပ်မှုကဏ္ဍမှာ စစ်အုပ်စုကို မဖယ်ရှားဘဲ လူထုမျှော်လင့်တဲ့ အုပ်ချုပ်မှုပုံစံနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ မယုံကြည်ကြောင်း စစ်တမ်းက ဆိုပါတယ်။

Public Service Announcement
စစ်ရာဇ၀တ်မှုတွေအပေါ် ပြစ်ဒဏ်ကျခံစေဖို့ လိုလားတယ်လို့ ဖြေဆိုသူမှာ ၉၃.၃ ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ အဲဒီသဘောထားခံယူချက် စစ်တမ်းရလဒ်ကို ဂျပန်နိုင်ငံခြားရေးဌာနကို တိုက်ရိုက်သွားရောက်ပေးအပ်ခဲ့ပြီး စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေမှုတွေအပါအဝင် လူသားစာနာအကူအညီများ ထိရောက်စွာပေးပို့နိုင်ရေးနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကို ဆက်လက် ကာကွယ်စောင့်ရှောက်ပေးရေးတို့အတွက် အထူးအလေးထားဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ရေး၊ ၎င်းတို့ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးတို့အတွက် ရည်ရွယ်ပြီး ရွေးကောက်ပွဲကို ဟန်ပြကျင်းပနိုင်ဖို့ စီစဉ်နေကြောင်း၊ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာမယ့်ရလဒ်တွေအပေါ် မြန်မာပြည်သူတွေက အယုံအကြည်မရှိတဲ့အပြင် တရားဝင်မှုလည်း မရှိကြောင်း တာဝန်ရှိသူတွေက ဂျပန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ မြို့နယ် ၂၀၂ မြို့နယ်မှာ ပြုလုပ်နိုင်ခြင်းမရှိတဲ့ နယ်မြေများရှိနေကြောင်း၊ ရွေးကောက်ပွဲ အပြည့်အဝကျင်းပနိုင်တဲ့ နယ်မြေမှာ အလွန်ပင်နည်းပါးနေတာကြောင့် မြန်မာ ပြည်သူအားလုံးရဲ့ ဆန္ဒကို ကိုယ်စားမပြုနိုင်ကြောင်း၊ နိုင်ငံရေးအကျဥ်းသား ၂သောင်း၂ထောင်ကျော်ကို ချုပ်နှောင်ထားခြင်း စတဲ့ အချက်တွေဟာ ရွေးကောက်ပွဲ လုပ်ငန်းစဥ်၊ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း တာဝန်ရှိသူတွေက ထောက်ပြပါတယ်။
အဲဒီလို ဒီမိုကရေစီမူဘောင်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ ရွေးကောက်ပွဲကို ဂျပန်ရောက်မြန်မာပြည်သူတွေ လက်မခံသလို ဂျပန်နိုင်ငံကလည်း ပြင်းထန်စွာ ကန့်ကွက်ဖို့ တိုက်တွန်းလိုကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲအပေါ် ဂျပန်ရောက်မြန်မာပြည်သူလူထုရဲ့ သဘောထား စစ်တမ်း ရလဒ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ‘ရွေးကောက်ပွဲစစ်တမ်းကောက်ယူမှု(ဂျပန်နိုင်ငံ)’ အဖွဲ့က ဦးစီးထုတ်ပြန်ခဲ့ပြီး ဂျပန် အထက်လွှတ်တော်အမတ်များရုံးမှာ မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ‘ရွေးကောက်ပွဲစစ်တမ်းကောက်ယူမှု(ဂျပန်နိုင်ငံ) အဖွဲ့’ က ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံအကြမ်းဖက်စစ်တပ်မှ ဗုံးကြဲခဲ့တဲ့ လုပ်ရပ်ကို ဦးစွာတင်ပြခဲ့ပြီး အဲဒီလို အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်နေမှုများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲကို ဂျပန်မီဒီယာ ၅ခု မှလည်း တက်ရောက်သတင်းယူခဲ့ကြပြီး မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့တယ်လို့ အသိပေးထားပါတယ်။

















































