ဒီဇင်ဘာ-၁၄၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ချင်းပြည်နယ်ကနေ ရခိုင်ပြည်နယ်ဘက်ကို ဦးတည်သွားတဲ့ ကုန်တင်ယာဉ်တန်းတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်ဆောင်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၄ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီ တိုက်လေယာဉ်က မင်းတပ်မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံက အခုလို ပြောပြတာပါ။
အဲဒီ လေကြောင်း တိုက်ခိုက်တဲ့နေရာမှာ ကျေးရွာတွေမရှိဘဲ ရခိုင်ပြည်ဘက် သွားတဲ့ ကုန်သယ်ကားယာဉ်တန်းတွေကို လိုက်ပစ်တာလို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိမရှိတော့ မကြားသိရသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement
“မနေ့ညက ညနေ ၅နာရီ လောက်ကလည်း မတူပီနဲ့ မင်းတပ်ကြား လမ်းမှာ ကြဲတယ်။ ကားယာဉ်တန်းကို” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ မတူပီဟာ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်၀နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဆေးဝါးအပါအဝင် ပိတ်ဆို့ဖြတ်တောက်မှုတွေ လုပ်ဆောင် ထားပါတယ်။ ဒါ့အပြင် AA ထိန်းချုပ်ထားတဲ့ မြောက်ဦး အပါအဝင် ရခိုင်ဒေသက မြို့၊ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

















































