ဒီဇင်ဘာ -၁၄ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးရှိ ရပ်ကွက်၊ကျေးရွာတွေမှာ စစ်မှုထမ်းကြေးဆိုပြီး လစဉ်ပေးဖို့ ဖိအားပေးကောက်ခံတာတွေရှိနေတယ်လို့ မြို့ခံအချို့ကပြောပါတယ်။
စစ်မှုထမ်းကြေး အဖြစ် တစ်အိမ်ကို တစ်လ ကျပ်တစ်သောင်းကနေ ကျပ်သုံးသောင်းအထိ ကောက်ခံနေတာပါ။
“အရင်က သုံးလတစ်ခါပေးရတာ၊ အခုက တစ်လတစ်ခါနှုန်းဖြစ်သွားပြီတဲ့”လို့ ပုသိမ်ကြီးမြို့နယ်မှာနေထိုင်တဲ့အိမ်ရှင်မတစ်ဦးကပြောပါတယ်။

Public Service Announcement
အခုလို ကောက်ခံရရှိတဲ့ငွေကို စစ်မှုထမ်းစာရင်းပါသွားသူတွေ ၊ လူအစားထိုး လိုက်သွားသူတွေကို ပေးရတယ်လို့ စစ်ကောင်စီရဲ့ အောက်ခြေ အုပ်ချုပ်ရေးဖြစ်တဲ့ ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အသိပေးတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
မန္တလေးမှာ စစ်မှုထမ်းလူစားထိုးခလည်း စျေးတက်သွားပြီး တစ်ဦးကို ကျပ် ၆၅သိန်းကနေ ကျပ်သိန်း၈၀အထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။
လစဉ်ကောက်ခံတဲ့ စစ်မှုထမ်းကြေးကို မဖြစ်မနေပေးရမှာဖြစ်ပြီး မပေးရင်တော့ နေအိမ်ရှိ အမျိုးသားတွေကို စစ်မှုထမ်းထဲထည့်မယ်ဆိုတာ အုပ်ချုပ်ရေးပိုင်းက ခြိမ်းခြောက်တာရှိတယ်လို့မြို့ခံက အသိပေးပါတယ်။
စစ်မှုထမ်းကြေး လစဉ်ပေးဖို့ အစည်းအဝေးကို ရပ်ကွက်ဓမ္မာရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယခုရက်ပိုင်းကပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးကိုလည်း တစ်အိမ်တစ်ယောက်နှုန်း မဖြစ်မနေတက်ဖို့ ဖိအားပေးခဲ့ပါတယ်။
မန္တလေးမြို့က ဆင်ခြေဖုံးရပ်ကွက်တွေမှာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေရှိသလို ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းစာရင်းပေါက်ထားတဲ့ လူငယ်ရှိရာ အိမ်ကို ဝင်စစ်ပြီး လူကိုတွေ့ရင် ခေါ်ဆောင်သွားတာတွေလည်း ပြုလုပ်နေတာပါ။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ကြေညာထားပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ၁၇အထိအပတ်စဉ် (၁၉) ကို ဖွင့်လှစ်ထားပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်လာသူတွေ လည်းရှိနေပါတယ်။


















































