ဒီဇင်ဘာ-၁၅၊ ၂၀၂၅။မေရီ၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာလယ်စျေးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်နဲ့ဆိုင်ခန်းတွေ ညပိုင်းအထိ မီးလောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၅ရက် ညနေ ၆ နာရီဝန်းကျင်က မိုးကုတ်-မန္တလေးလမ်းပေါ်မှာရှိတဲ့ စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာစျေးအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးဆိုင်တွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ လက်ပံလှစျေးရှေ့ကို လေယာဥ်နဲ့ပစ်သွားတာ။ လေယာဥ်နဲ့နှစ်ကြိမ် ပစ်သွားတဲ့အချိန်မှာ စစ်ဘေးရှောင်သွားတဲ့ ပြည်သူတွေရဲ့ စျေးဆိုင်အိမ်ခန်းတွေ၊ အကုန်လုံးမီးစွဲလောင်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ည ၈နာရီခွဲကျော်တဲ့အထိ မီးလောင်နေဆဲဖြစ်ပြီး တရွာလုံးနီးပါး စစ်ဘေးရှောင်နေတာကြောင့် မီးလောင်ပြင်ကိုငြှိမ်းသက်နိုင်ဖို့ မီးသတ်ကားမရှိတာနဲ့ လူအင်အားမရှိတာကြောင့် တရွာလုံးမီးဘေး မကျရောက်ဖို့ ကြိုးစားနေရကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။
” မီးသတ်ကားလည်းမရှိတော့ အကြာကြီး လောင်သွားတာ။နှစ်နေရာကြဲသွားတယ်။ဆိုင်တွေဆိုတော့ အထဲကပစ္စည်း တွေကလည်း ပေါက်ကွဲထွက် ပေါ့။လောင် တဲ့ဆိုင်ခန်းက အတော်များတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ပန်လှရွာကို ဒီဇင်ဘာ ၁၃ ရက်ကလည်း စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသား၂ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်-မန္တလေးလမ်းပိုင်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး မတ္တရာနဲ့ စဉ့်ကူးနယ်ထဲက လမ်းပိုင်းအချို့ကို ပြန်လည်ရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။



















































