Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု ဝါဒဖြန့်အကောင့်တွေကို Facebook၊ YouTube ၊Twitch နှင့် MediaFireတို့ဖယ်ရှား

စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေနဲ့ဝါဒဖြန့်တဲ့ အကောင့်တွေကို Facebook၊ YouTube ၊Twitch နှင့် MediaFireစတဲ့ နည်းပညာကုမ္ပဏီတွေကသူတို့ရဲ့အွန်လိုင်းပလက်ဖောင်း တွေကနေ ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar က အသိပေးထားပါတယ်။

ဒီဇင်ဘာ-၁၈၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေနဲ့ဝါဒဖြန့်တဲ့ အကောင့်တွေကို Facebook၊ YouTube ၊Twitch နှင့် MediaFireစတဲ့ နည်းပညာကုမ္ပဏီတွေကသူတို့ရဲ့အွန်လိုင်းပလက်ဖောင်း တွေကနေ ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar က အသိပေးထားပါတယ်။

“စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနှင့် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန တို့က ကြီးကြပ်အသုံးပြုနေသည့် ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားမှုများလုပ်ဆောင်လိုက်သည့် မကြာသေးမီက အရေးယူဆောင်ရွက်မှုများအပေါ် Justice For Myanmarက ကြိုဆိုပါသည်။” လို့ ဒီနေ့ (ဒီဇင်ဘာ၁၈) မှာ ထုတ်ပြန်ထားတာပါ။

ဒီလိုအရေးယူဆောင်ရွက်တာက Justice For Myanmar အနေနဲ့ နည်းပညာကုမ္ပဏီတွေဆီကို စာရေးသားပေးပို့ခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဖိအားပေးလုပ်ဆောင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အတွက် ဝါဒဖြန့်​နေတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အပါအဝင် မြန်မာရေဒီယိုလိုင်း ၁၄ ခုကို Amazon ကုမ္ပဏီပိုင်တဲ့ ဗီဒီယိုပလက်ဖောင်း Twitch ကနေ ပိတ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဝဘ်ဆိုဒ် နဲ့ Google၊ Apple App stores တွေမှာရှိတဲ့ မိုဘိုင်း Apps တွေကနေလည်း ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။

“Twitch အကောင့်ဖယ်ရှားခံရမှုကို အကောင့်သစ်များဖန်တီး၍ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို စစ်အုပ်စုက ဆက်လက်လုပ်ဆောင်လာချိန်တွင် Twitch သည် Justice For Myanmar တိုင်ကြားခဲ့သည့် အခြားများပြားလှစွာသော အကောင့်များအား ဆက်လက်ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့သည်။” လို့ JFM ကထုတ်ပြန်ထားပါတယ်။

ဖေ့စ်ဘွတ်ခ်ကလည်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ MITV ရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့ပြီး Alphabetပိုင်ဆိုင်တဲ့ ယူကျူ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တစ်ခုကို ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။ ယူကျူ့အနေနဲ့ MITV ရဲ့အကောင့်ကို ဖယ်ရှားဖို့ကိုတော့ လက်ရှိအချိန်အထိ ငြင်းဆိုထားတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့မြဝတီသတင်းစာနဲ့ ဆက်နွယ်နေတဲ့ ရတနာပုံသတင်းစာရဲ့အကောင့်တွေကိုလည်း ဖေ့စ်ဘွတ်ခ် နဲ့ MediaFire ဝဘ်ဆိုဒ်ကနေဖျက်သိမ်းလိုက်တယ်လို့ JFM ကဆိုပါတယ်။

စစ်တပ်က သူတို့ရဲ့ Facebook အကောင့်တွေကနေ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင် တွေကို MediaFire မှာ သိမ်းဆည်းတာလို့သိရပါတယ်။

အထက်ပါနည်းပညာကုမ္ပဏီတွေအပြင် ‌Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ကိုလည်းစာရေးသားပေးပို့ထား‌ ပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာန တိုက်ရိုက်ကြီးကြပ်ကိုင်တွယ်နေတဲ့ အကောင့်တွေအပါအဝင် ဝါဒမှိုင်းဖြန့်တဲ့အကောင့် တွေအပေါ် အရေးယူဆောင်ရွက်တာမရှိသေးဘူးလို့ JFM က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် နည်းပညာကုမ္ပဏီအားလုံး‌အနေနဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်တဲ့ အကောင့်‌တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ ပလက်ဖောင်းတွေကို စစ်ကောင်စီက အသုံးပြုနေတာကို ပိတ်ပင်ဖို့ JFM က ထပ်မံတိုက်တွန်းထားပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ဩဇာခံ မီဒီယာတွေနဲ့ ဝါဒဖြန့်ချိရေး ရုပ်သံလိုင်းတွေကို အသုံးပြုပြီး ရိုဟင်ဂျာ‌တွေအပေါ် အမုန်းစကားများဖြန့်ဝေတာ၊ အရပ်သားပြည်သူ‌ တွေအပေါ် အကြမ်းဖက်မှုတွေ သွေးထိုးလှုံ့ဆော်တာ နဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအကြောင်း အပါအဝင် သတင်းလိမ်၊ သတင်းမှားတွေ ဖြန့်ဝေတာကို လုပ်ဆောင်ခဲ့တယ်လို့ JFM ကထောက်ပြထားပါတယ်။

အနီးစပ်ဆုံးအ‌နေနဲ့ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့တဲ့ အကြောင်းကို စစ်ကောင်စီက ပြည်သူတွေသေဆုံးမှူမရှိကြောင်း ဗြောင်လိမ်ပြီး Telegram၊ X၊ TikTok ၊Apple၊ Google app stores တွေမှာရှိတဲ့ apps တွေအပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်း တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“မြန်မာစစ်အုပ်စုရဲ့ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး၊ သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ