ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့အနီးမှာ ကင်းပုန်းဝပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာထိခိုက်မှုရှိကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က နတ်မောက်မြို့တောင်ဘက်၊ မြို့အဝင်ဂိတ်နဲ့ ၃ဖာလုံခန့်အကွာ နတ်မောက်စိုင်ကောင်းလမ်းပိုင်းမှာ ကင်းပုန်းဝပ်ပြီးပြန်လာတဲ့ အင်အား ၁၇ ဦးပါ စစ်ကောင်စီတပ်သားတွေကို ငါးပြေမပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲဟာ ၁နာရီခွဲခန့်ကြာခဲ့ပြီး စစ်အုပ်စုဝင် ၅ ဦး လဲကျသွားတာကို မျက်မြင်တွေ့ခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“တိုက်ပွဲက နှစ်ခါဖြစ်လိုက်တဲ့ပုံစံမျိုး။ ပထမ ကင်းပုန်းကို ချေမှုန်းလိုက်တယ်။ ချေမှုန်းလိုက်တော့ နောက်က စစ်ကူတွေထပ်တက်လာတော့ စစ်ကူတွေနဲ့ပါ ထပ်ဖြစ်တဲ့အနေအထားပါ။”လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။
အဲဒီနောက် မြို့အဝင်ဂိတ်နဲ့ နီးကပ်လာတဲ့အတွက် ရဲဘော်တွေအထိအခိုက်မရှိ ဆုတ်ခွာခဲ့လိုက်တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
နတ်မောက်မြို့ပေါ်မှာ စစ်ကောင်စီတပ် အင်အား ၁၂၀ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် မြို့ပတ်ချာလည်ကို အစောင့်တွေချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့ လက်နက်ခဲယမ်းဝယ်ယူ ဖြည့်တင်းဖို့ ကမ်ပိန်းအကြို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ တော်လှန်ရေးအဖွဲ့က စစ်ဆေးရေးလုပ်နေချိန် စစ်တပ်ကားနဲ့တိုးပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။


















































