Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် Chubb အာမခံကုမ္ပဏီ ပြန်လည်ထွက်ခွါမယ်

အမေရိကန် Chubb အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Chubb Life Myanmar/FB

“အာမခံဝယ်ထားသူတွေအနေနဲ့ စိတ်ပူစရာတော့မလိုဘူး။ ဒါပေမဲ့ အာမခံလောက အတွက်တော့ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်တယ်” – စီးပွားရေးလုပ်ငန်းရှင်တစ်ဦး

ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ ဇော်ဝင်း/People’s Spring

အမေရိကန် Chubb အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

လုပ်ငန်းလည်ပတ်မှုမှာ ကြုံနေရတဲ့အခက်အခဲ နဲ့ စီးပွားရေးအခြေအနေတွေကို ကျော်လွှားနိုင်မှုမရှိတဲ့အတွက် လုပ်ငန်လိုင်စင်ကို ပြန်အပ်နှံတာလို့ ဒီဇင်ဘာ ၁၇ ရက်က Chubb မြန်မာရုံးခွဲရဲ့ စာမှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာမခံထားသူတွေနဲ့ပတ်သက်လို့ အကျိုးစီးပွားထိခိုက်မှုမဖြစ်အောင်နဲ့ လျော်ကြေးကာကွယ်နိုင်မှုကို ကာကွယ်ဖို့ အာမခံပေါ်လစီတွေကို ဒီဇင်ဘာ ၁၅ ရက်ကစပြီး ဖျက်သိမ်းလိုက်ပြီလို့လည်း သိရပါတယ်။

ဒါပေမဲ့ ကုမ္ပဏီရောင်းချထားပြီးတဲ့ အာမခံပေါ်လစီတွေနဲ့ အာမခံပိုင်ရှင်တွေရဲ့ ပုံမှန် ပေးသွင်းထားတဲ့ငွေကြေး(ပရီမီယံ)ကို ၁၀၀ ရာခိုင်နှုန်းပြန်ပေးတာ (ဒါမှမဟုတ်) ခုနှိမ်စရာတွေရှိရင် အာမခံအမျိုးအစားအလိုက်စည်းမျဥ်းတွေအတိုင်း ခုနှိမ်ပြီး ပြန်ပေးမယ်လို့ ဆိုပါတယ်။

“ အာမခံကုမ္ပဏီတွေအနေနဲ့ နိုင်ငံထဲက ထွက်ချင် တိုင်းထွက်လို့ မရဘူး။ ပထမအဆင့်အနေနဲ့ လိုင်စင် ထုတ်ပေးတဲ့စီမံဘဏ္ဍာဝန်ကြီးဌာနကို အကြောင်း ကြားရတယ်။ ဘာကြောင့်ထွက်ခွာရသလဲဆိုတာနဲ့ ထွက်ခွာမယ့်နေ့တွေ အပြင် အာမခံဝယ်ထားသူတွေအတွက်ဘယ်လို အကာအကွယ်ပေးထားသလဲ ဆိုတဲ့အစီအစဥ်တွေပါ ချပြရတယ်။ ဒါကြောင့် အာမခံဝယ်ထားသူတွေ အနေနဲ့ စိတ်ပူစရာတော့မလိုဘူး။ ဒါပေမဲ့ အာမခံလောက အတွက်တော့ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်တယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Chubb Life insurance Myanmar က ကုမ္ပဏီပိတ်သိမ်းမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာမှု မလုပ်သေးပေမယ့် အာမခံကိုယ်စားလှယ်တွေကတော့ ပရီမီယံကြေးတွေ နစ်နာမှုမရှိအောင် စီစဥ်နေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် Chubb အာမခံကုမ္ပဏီက အာမခံထားသူတွေရဲ့ ပရီမီယံကြေးတွေကို လာမယ့်နှစ် ဇန်နဝါရီကစပြီး ပြန်ပေးမယ်လို့လည်း အာမခံကိုယ်စားလှယ်တွေက ဆိုပါတယ်။

Chubb အာမခံကုမ္ပဏီက အရပ်သားအစိုးရလက် ထက် ၂၀၁၉ ခုနှစ် ဧပြီလကစပြီး မြန်မာနိုင်ငံမှာ ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခြောက်နှစ်ကျော်ကြာရပ်တည်ပြီးနောက် အခြားပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ နည်းတူ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကို စွန့်ခွာတဲ့ ပထမဆုံး အာမခံကုမ္ပဏီဖြစ်လာပါတယ်။

Chubb အပါအဝင် မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ စုစု​ပေါင်း(၁၈)ခုရှိပြီး နိုင်ငံပိုင်တစ်ခု၊ ပြည်တွင်းကုမ္ပဏီ ကိုးခု ၊ နိုင်ငံခြားကုမ္ပဏီငါးခု နဲ့ ပြည်တွင်း၊ပြည်ပအကျိုးတူ ကုမ္ပဏီသုံးခု ရှိပါတယ်။

မြန်မာနိုင်ငံထဲ ကျန်ရှိနေတဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေထဲမှာ ဟောင်ကောင် AIA ၊ DAI-ICHI ဂျပန်၊ Prudential ဗြိတိန် နဲ့ Manulife ကနေဒါ တို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ