ဒီဇင်ဘာ-၂၀၊ ၂၀၂၅။People’s Spring
မကွေးတိုင်း၊ မကွေးနဲ့ မင်းဘူးမြို့နယ်တွေက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေမှာ လာမယ့် ဒီဇင်ဘာ ၃၁ရက်ကနေ ဇန်နဝါရီ ၄ရက်နေ့အထိ ၅ရက်ကြာ နိုင်ငံတော်အလံတွေထောင်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများရှိ စျေးပတ်လည် အပြင်ဘက်တန်း ဆိုင်ခန်းရှင်များအနေနဲ့ စျေးဆိုင်ခန်းများ၊ နေအိမ်များမှာ နိုင်ငံတော်အလံတွေကို ဒီဇင်ဘာ ၃၁ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ လွှင့်ထူသွားဖို့ မကွေးစည်ပင်ဌာနထုတ်ပြန်တဲ့စာကို အရပ်ဝတ်တွေက လိုက်ဝေခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၄ရက်မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ တစ်နိုင်ငံလုံး၌ နိုင်ငံတော်အလံတွေ လွှမ်းခြုံနေစေရေးအတွက်ဟု စစ်ကောင်စီက အကြောင်းပြထားပါတယ်။

Public Service Announcement
စာဝေတဲ့အပြင် စျေးဆိုင်ခန်းရှင်တွေအနေနဲ့ မပျက်မကွက် လိုက်နာကြဖိို့ တဆိုင်ဝင် တဆိုင်ထွက် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ လက်မှတ်တောင်ထိုးခိုင်းတယ်လေ။ သူတို့ပါလာတဲ့ ဇယားစာရွက်ထဲ လက်မှတ်ထိုးခိုင်းရင်းနဲ့ လက်မှတ်လည်းထိုးခိုင်းတယ်။ အကြောင်းစာလည်းပေးလိုက်ပြီနော်ဆိုပြီး ခြိမ်းခြောက်သလိုပါပဲ။ မျက်နှာကြောတင်းတင်း အသံမာမာနဲ့ ပြောသွားတာ ခိုင်းတဲ့အတိုင်း လုပ်ကိုလုပ်ရမယ်ပေါ့” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
ဆိုင်ရှင်တွေအနေနဲ့ အလံကို သင့်လျော်တဲ့အရွယ်အစားရွေးချယ်ပြီး ကိုယ်တိုင် ဒါမှမဟုတ် စည်ပင်ဌာနမှာ အလံအရွယ်အစား ၄ လက်မ× ၆ လက်မ အလံတစ်ထည်၊ ဝါးတစ်လုံး နှစ်သောင်းလေးထောင်ကျပ်၊ ၃ လက်မ ၅ လက်မ အလံနဲ့ ဝါးတစ်လုံးကို တစ်သောင်းကိုးထောင်ကျပ်နှူန်းနဲ့ လာဝယ်ဖို့ မကွေးစည်ပင်က ဖိအားပေးထားပါတယ်။
“ အလံ ၂ သောင်း ဝယ်ရတယ်။ အလံ မထောင်ရင် ဖမ်းမယ်ဆိုပြီးခြိမ်းခြောက်မှုရှိနေတယ်။ ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ ထောင်ရမှာ။အလံ မထောင်တဲ့အိမ် ဖမ်းဆီးထောင်ချမယ်ခြိမ်းခြောက်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စျေးဆိုင်ခန်းရှင်များအနေနဲ့ နိုင်ငံတော်အလံလွှင့်ထူဖို့ကို သတ်မှတ်ရက်အတွင်း မပျက်မကွက်လုပ်ဖို့ စည်ပင်က ခြိမ်းခြောက်ထားပါတယ်။
အလားတူ မကွေးတိုင်း၊ သရက်ခရိုင်နဲ့ မင်းဘူးခရိုင်မြို့နယ်က ကျေးရွာတွေမှာလည်း နိုင်ငံတော် အလံ ထောင်ဖို့ ဖိအားပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။



















































