Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်တွေ အတည်ပြုခန့်အပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်တွေကို ဒီနေ့အတည်ပြုခန့်အပ်လိုက်ပြီး ဝန်ကြီးဌာန ၁၀ခု နဲ့ ရှေ့နေချုပ်တို့ ပါဝင်တာ တွေ့ရပါတယ်။

▪️NUG အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာကောင်းယူဖို့ ယာယီသမ္မတပြော

ဒီဇင်ဘာ-၂၃၊ ၂၀၂၅။ People’s Spring

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်တွေကို ဒီနေ့အတည်ပြုခန့်အပ်လိုက်ပြီး ဝန်ကြီးဌာန ၁၀ခု နဲ့ ရှေ့နေချုပ်တို့ ပါဝင်တာ တွေ့ရပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်မှာ ခန့်အပ်နိုင်ခဲ့ပြီး ဒီနေ့မှာတော့ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးဌာန ၁၀ခုရဲ့ ဝန်ကြီးတွေနဲ့ ရှေ့နေချုပ်တို့ကို အတည်ပြုတာဝန်ပေးအပ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်မှုလုပ်ငန်းစဥ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်လိုက်တာဖြစ်လို့ အတိုင်းမသိဝမ်းသာ ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာကောင်းအဖြစ် ရယူပြီး စစ်ကိုင်းဒေသကို ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ ဖော်ဆောင်ပေးဖို့လည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်း၊ ကာကွယ်ရေးဝန်ကြီး ဦးကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုး၊ ပညာရေးဝန်ကြီး ဒေါက်တာတင်အောင်မိုး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်အောင်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် လူသားစာနာဝန်ကြီး ဦးတိုးဝေအောင်၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးဇင်မင်းထွန်းတို့ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီး ဦးဘွဲ့ဟုပ်ထန်း၊ စည်ပင်သာယာရေးဝန်ကြီး ဒေါ်ရတီအုန်းနဲ့ ရှေ့နေချုပ် ဦးအောင်ချစ်ညိုတို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ ထုတ်ပြန်ချက်အရ ယူနစ်အစိုးရအဖွဲ့ဟာ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ သပိတ်အင်အားစု၊ CDM နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့၊ ကျန်းမာရေးအစုအဖွဲ့၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ တိုင်းရင်းသားလူမျိုးများအင်အားစု၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်များအစုအဖွဲ့တွေကနေ ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက တော်လှန်ရေးနဲ့ ပြည်ထောင်စုအတွက် အားကိုးထိုက်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖို့ များစွာဆက်လက်ကြိုးစား ထမ်းဆောင်ကြရမှာဖြစ်ကြောင်းနဲ့ မတူညီတဲ့ အင်အားများစုစည်းထားတာမို့ နားလည်မှုနဲ့ ပေါင်းစပ်နိုင်မှုက အဓိကကျမှာ ဖြစ်ကြောင်း ယူနစ်အစိုးရဖွဲ့စည်းမှုအပြီးမှာ ပြောပါတယ်။

ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်ပေးရတဲ့အခါတိုင်း တော်လှန်ရေးအမြန်ပြီးစီးဖို့နဲ့ ပြည်ထောင်စုအတွက် ရှေ့တန်းတင်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ထားပြီး ဖြစ်ကြောင်းလည်း ဦးမြင့်ထွေးက ဆက်ပြောပါတယ်။

ယူနစ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မှုနဲ့ပတ်သက်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း ပိုမိုခိုင်မာစေဖို့အတွက် ယူနစ်အစိုးရအဖွဲ့ဥပဒေကို အမြန်ဆုံးအတည်ပြုပြဌာန်းဖို့၊ အဲဒီဥပဒေနဲ့အညီ စနစ်ကျတဲ့၊ တာဝန်ခွဲဝေမှုရှင်းလင်းတဲ့ အစိုးရယန္တရားကို ဆက်လက်ဖွဲ့စည်းကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဒေသတွင်း ပါဝင်ပတ်သက်သူ Stakehoderများ အားလုံး ညီမျှစွာ ပါဝင်ဆုံးဖြတ်နိုင်ရေးကို အခြေခံတဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး(မူကြမ်း)ရေးဆွဲရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းဖို့လည်း စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက တောင်းဆိုပါတယ်။

စစ်ကိုင်းကြမ္မာ စစ်ကိုင်းဖန်တီးမှုက စတင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဖော်ဆောင်နိုင်သည်အထိ ဆက်လက်လျှောက်လှမ်းသွားကြရမှာဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက သဝဏ်လွှာမှာ ဖော်ပြပါတယ်။

လက်ရှိမှာ ဖက်ဒရယ်စနစ်ရဲ့ အစိတ်အပိုင်းတွေအဖြစ် တိုင်းတွေမှာ သက်ဆိုင်ရာဒေသအလိုက် ဖွဲ့စည်းမှုတွေ ပြုလုပ်နေပြီး မန္တလေးမှာဆိုရင် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)ကို နိုဝင်ဘာ ၂၈ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကလည်း ကြားကာလအစီအမံဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၇ရက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ