ဒီဇင်ဘာ-၂၇၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ချင်းပြည်နယ် တီးတိန့်မြို့ပေါ်နဲ့ ဒေသအတွင်းပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၂၆ရက်ကနေ စစ်တပ် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ရက်အတွင်း အပြင်ထွက်တာ ခရီးသွားလာတာ မလုပ်ကြဖို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF ဇိုလဲန်း)က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် ZFU က ဒီဇင်ဘာ ၂၆ရက်မှာ ပြည်သူတွေကို အသိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီကာလအတွင်း ပြည်သူတွေအနေနဲ့ မိမိတို့နေအိမ်မှာသာ နေထိုင်ဖို့၊ အသွားအလာ သတိထားဖို့နဲ့ ကျေးလက်နေပြည်သူတွေဟာလည်း ခရီးသွားလာတာမလုပ်ဖို့ ကြေညာထားပါတယ်။

Public Service Announcement
ZFU/PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ချင်းညီနောင်အနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
အခြားချင်းတော်လှန်ရေးအင်အားစုဖြစ်တဲ့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ဟားခါးကလည်း စစ်ကောင်စီက ဒီဇင်ဘာ ၂၈ရက်မှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ ပြည်သူတွေ ကိုယ့်အိမ်မှာ ကိုယ်နေထိုင်ပြီးအသံတိတ် သပိတ်ဆင်နွှဲကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဟားခါးရှိ စစ်ကောင်စီရဲ့ခလရ (၂၆၆) တပ်ရင်းကို ဒီဇင်ဘာ ၂၆ရက်မနက်မှာ CDF ဟားခါးက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။


















































