ဒီဇင်ဘာ-၂၈၊ ၂၀၂၅။ ဟန်နွေ/People’s Spring
မြစ်ဆုံစီမံကိန်း အလိုမရှိကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သေခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သတင်းကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မနက်မှာ မြန်မာဘာသာနဲ့ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၄ရက်က ဖားကန့်မြို့နယ်အတွင်း အင်အားစုတွေ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့တာကို ဖော်ပြတာဖြစ်ပြီး အခုလိုဆန္ဒထုတ်ဖော်တာဟာ စစ်ကော်မရှင်ကို အလိုမရှိကြောင်း၊ တရုတ်အစိုးရနဲ့ စစ်ကော်မရှင် က ပြုလုပ်သွားမယ့် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်၍ ကန့်ကွက်ကြောင်း ပူးပေါင်းဆန္ဒထုတ် ဖော်တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဆန္ဒပြ ပြည်သူတွေက အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာမှာ အသုံးပြုခဲ့တဲ့ ဆောင်ပုဒ်တွေကိုလည်း KIA သတင်းပြန်ကြားရေးဌာနက အသေးစိတ် ဖော်ပြပါတယ်။ Cancel is Myitsone Projects၊ ပြည်သူ့ဆန္ဒကို နားထောင်၊မြစ်ဆုံစီမံကိန်းကို ချက်ချင်းဖျက်သိမ်း၊ Save Myitsone Stop Dictatorship Projects၊ တရုတ်အစိုးရ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်၊ Stop Myitsone Dam forver၊ ဧရာ၀တီကို ကာကွယ်ကြ၊ NO Dam၊ Myitsone is not for China စတဲ့ ဆောင်ပုဒ်တွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

Public Service Announcement
အခုလို ဆန္ဒထုတ်ဖော်မှုကို ဒေသခံပြည်သူ ၄၀ ဦးပါဝင်ခဲ့ပြီး ပြည်သူအားလုံးပါဝင်ကြရန် ဆက်လက်လှုံ့ဆော်သွားမယ်လို့ သိရကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ရေအားလျှပ်စစ်ဟာ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်တယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကအကြောင်းပြပြီး မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တဲ့အပေါ် ကချင်ဒေသခံတွေ စိုးရိမ်နေကြသလို စီမံကိန်းတွေ ကန့်ကွက်ရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ အမိန့်စာ ထုတ်ပြန်ခြိမ်းခြောက်တာကိုလည်း စိုးရိမ်နေကြကြောင်း မြစ်ကြီးနားမြို့ခံ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းဟာ ဒီဇင်ဘာ ၁၆ရက်မှာ မြစ်ကြီးနားမြို့ကို သွားရောက်ပြီး မြစ်ဆုံဆည်ပြန်ဖော်ဆောင်မယ့်အကြောင်း ပြောခဲ့သလို စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး အမိန့်ကြော်ညာစာကိုလည်း ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပြီး စစ်ကောင်စီ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေဖို့ ကန့်ကွက်သူတွေ အဖွဲ့တွေကို အရေးယူခြင်းခံရမယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
“ဒုခေါင်းဆောင်စိုးဝင်းက မြစ်ဆုံပြန်လုပ်မယ် ပြောလာတော့ ဒေသခံ ပြည်သူတွေ ကတော့ စိုးရိမ်မှု တော်တော်လေးကိုရှိနေပြီ။တကယ်များလုပ်လာမလား ပေါ့ အဲဒီလိုမျိုးတွေ စိုးရိမ်မှုတွေရှိနေပါတယ်။ ဘာကြောင့်စိုးရိမ်လဲဆိုရင် စစ်ကောင်စီကသူက အကြမ်းဖက်တယ် အတင်းအဓမ္မဇွတ်လုပ်မှာ။ အကြမ်းဖက်တယ်ဆိုတာ လူတွေကိုလည်း သူတို့က ရွာသူရွာသားတွေကိုလည်းဖျက်ဆီးမှာ။ လုံး၀ လူတွေကို အဝင်အထွက်လုပ်ခိုင်းမှာ မဟုတ်ဘူးမြစ်ဆုံမှာ။ သူတို့ လုပ်ချင်သလို လုပ်လာမယ်။ အဲဒါကြောင့်မို့ စိုးရိမ်တယ်လို့”လို့ မြစ်ကြီးနားမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။
တကယ်လို့သာ စစ်ကောင်စီဟာ မြစ်ဆုံဆည်စီမံကိန်း ပြန်လုပ်လာမယ်ဆိုရင်လည်း နောက်ဆက်တွဲအနေနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာမယ်လို့ လည်း သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
လက်ရှိစစ်ကောင်စီကထုတ်ပြန် ခြိမ်းခြောက်ထားတဲ့ အမိန့်စာကိုလည်းတွေ့နေရလို့ အဲဒီအပေါ်မှာလည်းစိုးရိမ်နေရကြောင်း ပြောပါတယ်။
“ကန့်ကွက်တာ တွေ့ရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ဟာလေးတွေ တွေ့တယ်” လို့ မြစ်ကြီးနားမြို့ခံကပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) အနေနဲ့ကလည်း မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး လူထု သဘောထားအတိုင်းဆိုတဲ့ ပြောကြားချက်တွေ တွေ့ရကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
“KIO/KIAကလည်း သူတို့ကလည်း အဓိကတော့ ပြည်သူလူထုပဲ ဆိုပြီးမှပြောထားတာတွေရှိတယ်။ ပြည်သူလူထုတွေ မကန့်ကွက်ရင် ဒါက ဖြစ်သွားမယ့်အခြေအနေရှိတာပေါ့။ ဒီဟာကို ကျတော့ တနိုင်ငံလုံးအတိုင်းအတာ ကန့်ကွက်နေတာပဲ”လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။
ဆက်လက်ပြီး သတင်းရင်းမြစ်က “အခုက အားကိုးအားထားရတဲ့သူတွေကလည်း ဘော်လီဘောပုတ်နေကြတယ်လေ။ ပြည်သူတွေကိုပဲအားကိုးတယ်။ ပြည်သူတွေ ကန့်ကွက်ရန် အကုန်လုံးကန့်ကွက်တယ်ပေါ့နော်။ ပြည်သူတွေရဲ့ဆန္ဒပဲ ဆိုပြီးမှ အဲဒီလိုမျိုးပြောနေတယ်ဆိုတော့ အကုန်လုံး တနိုင်ငံလုံးရှိတဲ့ ပြည်သူတွေ ဒီဟာကိုတော့ တညီတညွတ်တည်း စည်းစည်းလုံးလုံးနဲ့ ကန့်ကွက်သွားမှပဲဖြစ်မယ်”လို့ ပြောပါတယ်။
ကချင်ပြည်နယ် ပြည်သူတွေသာမက တနိုင်ငံလုံးက ပြည်သူတွေ၊ အခြားနိုင်ငံတွေရောက်နေတဲ့ ပြည်သူတွေလည်း အားလုံး ကန့်ကွက်ဖို့လိုအပ်ကြောင်း တောင်းဆိုပါတယ်။
“မြစ်ဆုံစီမံကိန်းမလုပ်နိုင်အောင် အကုန်လုံးက ကန့်ကွက်ရမယ်။ပြည်သူလူထုတွေ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ ကန့်ကွက်သွားရင်သူတို့လည်း လုပ်နိုင်မှာ မဟုတ်ဘူး”လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။
စစ်ကောင်စီဘက်က မြစ်ဆုံပြန်စဖို့ ထုတ်ဖော်ပြောဆိုလာတာကြောင့် ကချင်ဒေသခံတွေအပါအဝင် ပြည်သူလူထုတွေ စီမံကိန်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားတွေကို လူမှုကွန်ရက်ကနေ ရေးသားဖော်ပြတာတွေလည်းရှိပါတယ်။
ဒေသခံတွေ အနေနဲ့ အရင်ကတည်းက မြစ်ဆုံဆည်စီမံကိန်းကို အပြင်းအထန် ကန့်ကွက်ခဲ့သလို နောင်လည်း ထောက်ခံသွားဖို့မရှိဘူးလို့ ကချင်အမျိုးသမီးတဦးက လူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။
ဒါ့အပြင် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားလက်ထက် ၂၀၁၁ မတ်လက တရုတ်နိုင်ငံ အာဏာပိုင်တွေဆီ မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်ခဲ့ကြောင်း ပေးပို့ခဲ့တဲ့ စာကို လူမှုကွန်ရက်မှာ ကချင်သတင်းရင်းမြစ်တွေက ပြန်လည်ဖော်ပြ ခဲ့ကြတာလည်းတွေ့ရပါတယ်။ တရုတ်အာဏာပိုင်တွေဆီကို KIO/KIAက ပေးပို့ခဲ့တဲ့ အဲဒီစာမှာ ကချင်တိုင်းရင်းသားတွေရဲ့ အရေးကြီးတဲ့ သမိုင်းဝင်နေရာ အဖိုးတန်ပတ်ဝန်းကျင်ဖြစ်တဲ့ မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ်စီမံကိန်း မလုပ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ဆုံစီမံကိန်း ပြည်သူလူထု လက်မခံရင် KIO/KIA အနေနဲ့လည်း လက်မခံဘူးလို့ မီဒီယာကတဆင့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။ People’s Spring အနေနဲ့လည်း ဗိုလ်မှူးကြီးနော်ဘူဆီဆက်သွယ်ပြီး မေးမြန်းရာ “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လိုတော့ ကျနော်တို KIO ဗဟိုကော်မတီကနေ တစုံတရာ သဘောထား ထုတ်ပြန်တာမရှိသေးပါဘူး။”လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီဇင်ဘာ ၂၆ရက်နေ့မှာ ပြောကြားထားပါတယ်။




















































