Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ် အရေခွံလဲအစိုးရလုပ် ချင်နေတာကို သိနားလည်ပြီး စစ်တပ် ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ ကရင်လူငယ်အဖွဲ့တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာဟာ စစ်ကောင်စီက ရွေးကောက်ပွဲကတဆင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူဖို့ လုပ်ဆောင်နေတာ၊ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ လုပ်ဆောင်နေတာတွေကို လူထုနဲ့ နိုင်ငံတကာ သိစေဖို့ဖြစ်ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) တွဲဖက်အတွင်းရေးမှူး(၂) စောအယ်ထီးကော်က ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကန့်ကွက်ကြောင်း ဘီးလင်းမြို့နယ်က ပြည်သူတွေ ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - KYO

ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာဟာ စစ်ကောင်စီက ရွေးကောက်ပွဲကတဆင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူဖို့ လုပ်ဆောင်နေတာ၊ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ လုပ်ဆောင်နေတာတွေကို လူထုနဲ့ နိုင်ငံတကာ သိစေဖို့ဖြစ်ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) တွဲဖက်အတွင်းရေးမှူး(၂) စောအယ်ထီးကော်က ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) ခရိုင်အသီးသီးမှာ KYO ဦးဆောင်ပြီး ပြုလုပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းစဉ် အခုလို ပြောပြတာပါ။ အကြမ်းဖက်စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကိုတော့ KNU ခရိုင် ၇ခုလုံးက သက်ဆိုင်ရာ အသီးသီးကဆန့်ကျင် ကန့်ကွက်ပြီးနောက် အခုလို လှုပ်ရှားမှုတွေ ပြုလုပ်နေကြောင်း သူက ပြောပါတယ်။

“အဓိက လူထုနဲ့ နိုင်ငံတကာကို သတင်းစကား ပေးချင်တာက အကြမ်းဖက်စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ကျနော်တို့ လုံး၀ လက်မခံဘူးဆိုတာ ပြချင်တာ၊ သတင်းစကား ပေးချင်တာ။ နောက်တခုက စစ်ကောင်စီက ဒီရွေးကောက်ပွဲနဲ့အတူ သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် လမ်းကြောင်း ရှာပြီးမှပဲ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့နဲ့ ပြည်သူလူထုကို စစ်ကျွန်ဖြစ်ဖို့အတွက် ဒီရွေးကောက်ပွဲကို အဓိက လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒီအပေါ်မှာ အခြေခံပြီးမှ သူ့ကိုယ်သူ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကနေ တဆင့် သူ့ကိုယ်သူ အရေခွံလဲပြီး အစိုးရလုပ်ချင်တယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရယူချင်တယ်။ အဓိက ဒီအချက်ပေါ့။ ဒါတွေကို လူထုတွေက သိဖို့လိုတယ်” လို့ စောအယ်ထီးကော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၈ရက်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ပြီးသွားပြီဖြစ်ကာ အဲဒီရွေးကောက်ပွဲမှာ လူထုက ပူးပေါင်းပါဝင်မှု နည်းလို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ရတဲ့အပေါ် အားတခုဖြစ်ရကြောင်းလည်း ပြောပါတယ်။

“အပိုင်း(၂) အပိုင်း(၃) ထပ်လာမယ့်အပေါ်မှာ လူထုတွေသည် ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီးမှပဲ စစ်အာဏာရှင်ပြိုလဲသည်အထိ တော်လှန်ရေးကိုအတူရပ်တည်ဖို့ ပြောချင်တယ်”လို့ စောအယ်ထီးကော်က ပြောပါတယ်။

KYOနဲ့ KNU တို့ရဲ့ ထုတ်ပြန်ချက်တွေအရ လူအင်အား ထောင်ချီပါတဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၂၈ရက် စစ်တပ်ရွေးကောက်ပွဲနေ့မတိုင်ခင်က KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွေမှာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းတွေမှာ KNU မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြိုနယ် မောတောင်မြို၊ ထီးမိုပွာဒေသ(ထားဝယ်မြိုနယ်အတွင်း)၊ ကစယ်ဒို (သရက်ချောင်းမြိုနယ်)တွေမှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ကရင်လူငယ်တွေအပါအဝင် တနင်္သာရီတိုင်းအတွင်း အစုအဖွဲတွေက စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံကြောင်း အသိပေးထားသလို အဲဒီအတွက် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ကြောင်းလည်း KNU မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။

“ဒီရွေးကောက်ပွဲဟာ ကျနော်တို လူငယ်တွေရဲ့ အနာဂတ်ကို ပျောက်စေတယ်။ လူငယ်တွေရဲ့ အနာဂတ် အခွင့်အလမ်းကိုသော်လည်းကောင်း တိုးတက်မှုကိုလည်းကောင်း ဒီရွေးကောက်ပွဲကြောင့် ပျောက်ဆုံးသွားနိုင်တယ်။ အခွင့်အလမ်းဆိုတာ ပညာရေးအခွင့်အလမ်းကိုသော်လည်းကောင်း လူမှုစီးပွား ရေးအခွင့်အလမ်းကိုသော်လည်းကောင်း ရေရှည်တိုးတက်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ရလဒ်မရှိတဲ့ ရွေးကောက်ပွဲကို ကျနော်တိုလူငယ်တွေလုံး၀ လက်မခံဘူး”လို လည်း ကရင်လူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။

လူငယ်တွေ အပါအဝင် ပြည်သူတရပ်လုံး ပူးပေါင်းပြီး စစ်အာဏာရှင်က လုပ်မယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသဆန္ဒထုတ်ဖော်ကြဖိုလည်း ကရင်လူငယ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

ဒီဇင်ဘာ ၂၇ရက်က ဖာပွန်(မူတြော်)ခရိုင် ဘူးသိုမြိုနယ်မှာလည်း ကရင်လူငယ်အစည်းအရုံးနဲ့ KNU မူတြော်ခရိုင်တာဝန်ရှိသူတွေ ပူးပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လူထု ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ရာ ဒေသခံ ၄၀၀နီးပါးပါဝင်ခဲ့တယ်လို ထုတ်ပြန်ပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်မှုမှာ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လူထုကိုယ်စားပြုနိုင်ခြင်းမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်လို မတရားတဲ့ ရွေးကောက်ပွဲကို လက်မခံဘဲ ပြတ်သားစွာ ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့တယ်လို KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်း၊ ကျိုက်ထို၊ ဖားအံမြို့နယ်တွေမှာလည်း လူဦးရေ ထောင်ချီပါဝင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖားအံမြို့နယ် ဆန္ဒထုတ်ဖော်ပွဲမှာ ၁၄၀၀ ကျော် ပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေမယ့် စစ်တပ်ရွေးကောက်ပွဲ အလိုမရှိကြောင်း လူထုတွေက ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာလို KNU ဗဟိုကထုတ်ပြန်ပါတယ်။

နှစ်ပေါင်း ၇၀ကျော် လူမျိုးပေါင်းစုံ ပြည်သူများကို ဖိနှိပ်သွေးစုပ်အုပ်ချုပ်တဲ့ စနစ်ဟောင်း အလိုမရှိ၊ ရာဇဝတ်ကောင် စစ်အုပ်စု အလိုမရှိ၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်အုပ်စု အလိုမရှိ စတဲ့ ဆောင်ပုဒ်တွေ ကိုင်စွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒါ့အပြင် ကျိုထိုနဲ့ ဘီးလင်းဆန္ဒပြပွဲတွေမှာလည်း လူဦးရေထောင်ချီပါဝင်ခဲ့ကြောင်း KYOက ထုတ်ပြန်ပါတယ်။

လူမျိုးပေါင်းစုံ ပြည်သူလူထုတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို ပြုလုပ်မယ့် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုနဲ့အတူ တော်လှန်တိုက်ဖျက်ဖို KYOကထုတ်ပြန်ခဲ့သလို တိုင်းပြည်အာဏာကို ဓားပြတိုက်သိမ်းယူတဲ့ သောင်းကျောင်းသူ စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒပြသူတွေက ဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ရက်ကလည်း KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်မှာလည်း ကရင်လူငယ်တွေနဲ့ မွန်လူငယ်တွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ လုံး၀ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
လူထုကို ကျွန်ပြုမယ့် စစ်အုပ်စု ရွေးချယ်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို မွန်နဲ့ ကရင်လူငယ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း KYOက ဖော်ပြတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

KNU ဗဟိုက စစ်တပ်ရွေးကောက်ပွဲ လက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် KNU ခရိုင်နဲ့ တပ်မဟာ အသီးသီးကလည်း ဗဟိုရဲ့ သဘောထားအတိုင်း ရပ်တည်ကြောင်း ပြသကာစစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေကိုစဉ်ဆက်မပြတ် ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးယူ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ရက်ထက် စောပြီးလုပ်​နေသလိုကြိုတင်မဲ​တွေဖိအား​ပေးပြီး ​ပေးခိုင်းနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွေးကောက်ပွဲကျင်းပတာနှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက် လူ ၄၀၀ ကျော်ကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲ ရေးဝန်ကြီး က ဇန်နဝါရီလ ၂၀ ရက် မှာ နေပြည်တော်မှာရှိတဲ့ ရဲဌာနချုပ်မှာ ထုတ်ပြောလိုက်ပါတယ်။