ဒီဇင်ဘာ-၂၉၊၂၀၂၅။People’s Spring
အာဏာသိမ်းမြန်မာစစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ ခုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တွမ်အန်ဒရူးစ်က လူမှုကွန်ရက် မီဒီယာ Xမှာ အခုလိုမျိုး တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အလိုကျ စီမံဖန်တီးထားပြီး ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုက်အဝန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ လိုအပ်ကြောင်း၊ ဥပဒေနဲ့ မညီညွတ်တဲ့၊ လှောင်ပြောင်ချင်စရာ ဖြစ်နေတဲ့ ဒီလိုလုပ်ရပ်မျိုးကနေ ဘယ်လို တရားဝင်မှုမျိုးမှလည်းထွက်ပေါ်လာနိုင်မှာမဟုတ်ကြောင်း သူက ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ကုလသမဂ္ဂနဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံအများအပြားက စစ်တပ် ဦးဆောင်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲကို အတုအယောင် တစ်ခုအဖြစ် သတ်မှတ် ရှုတ်ချထားကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရ အရာရှိတွေနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထားပြီး ကျင်းပတဲ့ ရွေးကောက်ပွဲဟာစစ်မှန်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ တရားမျှတမှုတွေ ကင်းမဲ့နေတာ ထင်ရှားမြင်သာခဲ့ပါတယ်။
နောက်ပြီး နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်တပ်က အခုလို ရွေးကောက်ပွဲမျိုးကို တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့ ကျင်းပခဲ့တာက တည်ငြိမ်အေးချမ်းမှုကို ဆောင်ယူလာမယ့်အစား ပြဿနာတွေကို ပိုရှုပ်ထွေးလာစေနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
စစ်တပ်က ချုပ်ကိုင်ထားတဲ့ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း ၃ ခုခွဲခြား ကျင်းပမယ်လို့ ကြေညာပြီး ဒုတိယနဲ့ တတိယပိုင်း မဲပေးမှုတွေကိုတော့ လာမယ့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ စီစဉ်ထားပါတယ်။
စစ်တပ်ရွေးကောက်ပွဲအပိုင်း ၁ လုပ်တဲ့အခါ စစ်အုပ်စုကပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်ထားပေမယ့် မဲပေးသူပြည်သူ အလွန်နည်းပါးခဲ့ပါတယ်။
ကိုးကား-Anadolu Ajansi
















































