ဇန်နဝါရီ-၂၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ရက် ည ၉နာရီကျော်က မြင်းခြံမြို့ပေါ်၊ အမှတ် (၁၅)ရပ်ကွက်မှာရှိတဲ့ အင်အား ၂၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းကို ထနောင်းမြေစစ်ကြောင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်းတို့က အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ SP ရုံးလို့လည်း ခေါ်တယ်။ ရုံးနားက စာသင်ကျောင်းရယ်၊ လူကယ်ပြန်ရုံးရယ်နားကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ကပ်ပစ်တာ။ အဲဒါမှလည်း ပစ်ကွင်းကောင်းတာ။ ကပ်လို့လည်းရတယ်။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်က ဗိုလ်ကြီး နှစ်ဦးအပါအဝင် စစ်အုပ်စုဝင် ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိကြောင်း ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြို့ပေါ် က အခြားစစ်ကောင်စီတပ်စခန်းတွေက စစ်ကူထွက်လာပေမဲ့ အနားရောက်မလာဘဲ အဝေးကနေသာ ပစ်ကူခဲ့တယ်လို့ ရဲဘော်တွေက ဆိုပါတယ်။သေဆုံး စစ်ကောင်စီတပ်သားတွေကို မိတ္ထီလာမြို့ကို သယ်ဆောင်သွားတယ်လို့လည်း စုံစမ်း သိရတယ်လို့ ထနောင်းမြေစစ်ကြောင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းမှာ မြင်းခြံမြို့နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။
















































