ဇန်နဝါရီ-၂၊ ၂၀၂၆။ အိမ်သွင်၊ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးဒေသက စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲလို့ Grade 12ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
မော်လူးဒေသ၊ ရွာရှည်ရွာစာသင်ကျောင်းကို ဒီနေ့ ဇန်နဝါရီ ၂ရက် မနက် ၁နာရီ ၁၇မိနစ်နဲ့ ၂၀မိနစ်မှာ ဗုံးနှစ်လုံးကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ တံတားဦးကနေ တက်လာပြီး ကြဲတာ။ ကျောင်းက ကျောင်းအိပ်ကျောင်းစား နေကြတာ။ စာသင်ကျောင်းကို တည်ပစ်တာပါ” လို့ အင်းတော်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အခြားဒေသခံတစ်ဦးကလည်း “ကျောင်းက ကျောင်းအိပ်ကျောင်းစားဖွင့်ထားတာပါ။ သေတဲ့ ကောင်မလေးက တခြားရွာက လာနေတာ။ တခြားကျောင်းသူနှစ်ယောက်လည်း ဒဏ်ရာပြင်းတယ် “ လို့ ပြောပါတယ်။
ဒေသတွင်း စစ်ရေးနဲ့ လုံခြုံရေးသတင်းတွေဖော်ပြနေတဲ့ Indaw Revolution-IRက စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Grade 12ကျောင်းသူတစ်ဦး သေဆုံးပြီး နောက်ထပ် ကျောင်းသူ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲနဲ့ စစ်ရေး လှုပ်ရှားတာမျိုးမရှိဘဲ စစ်တပ်က အခုလို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ လေကြောင်းတိုက်ခံရမှုမှာ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့ပြီး မော်လူးဒေသကိုတော့ ၂၀၂၃ ကတည်းက တော်လှန်ရေးတပ်တွေက သိမ်းယူထားတာပါ။
စစ်ကိုင်းတိုင်းမှာ ဇန်နဝါရီ ၁ရက် မနေ့ကလည်း ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။



















































