ဇန်နဝါရီ ၂၊ ၂၀၂၆။စု/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ ပိုမိုအားကောင်းတဲ့ စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်လာရေး ကြိုးစားနေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း အသိပေးခဲ့ပြီး စစ်အာဏာရှင် ချုပ်ငြိမ်းရေးအမြန်လုပ်ဆောင်ဖို့ ဗဟိုကွပ်ကဲမှု တခုတည်းအောက်မှာ စုစည်းနိုင်ဖို့ လိုအပ်သလို စစ်ရေးတပ်ပေါင်းစု စုဖွဲ့မှုတွေကို ပြည်သူတွေ ကြိုဆိုဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ယာယီသမ္မတက ဇန်န၀ါရီ ၁ရက်မှာ ပြောကြားခဲ့တဲ့ ၂၀၂၆ နှစ်ကူးမိန့်ခွန်းမှာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု(SRA) စုဖွဲ့မှု ဟာ သတင်းကောင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားရာမှာ အခုလို သတိပေးခဲ့တာပါ။
“၂၀၂၅ ခုနှစ် ကုန်ပိုင်းအချိန်ကာလမှာပဲနွေဦးတော်လှန်ရေးတပ်ပေါင်းစု SRA စုဖွဲ့မှု ပေါ်ပေါက်လာတာ ရှိပါတယ်။ နွေဦးတော်လှန်ရေး တပ်ပေါင်းစု စုဖွဲ့မှုဟာ ပြည်သူအတွက် ဝမ်းမြောက်စရာ သတင်းကောင်းဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်သော ညီညွတ်တဲ့ တပ်ပေါင်းစု အဖြစ် တဖက်တလမ်းက အထောက်အကူဖြစ်မယ့် အင်အားစုဖြစ်မယ်လို့ ယုံကြည်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း စစ်မှန်သော အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်နေသလို ပိုမိုအားကောင်းတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်အောင်လည်း အမြဲတမ်းလိုလို ကြိုးစား အားထုတ်နေခဲ့ကြောင်း ပြောပါတယ်။
အခုပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု စုဖွဲ့မှု စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ လုပ်ငန်းစဉ်မှာလည်း ချိတ်ဆက်မှု လုပ်ငန်းတွေမှာ လက်တွဲဝန်းရံ အားပေးခဲ့ဟု အသိပေးပါတယ်။
“ဒါ့အပြင် တော်လှန်ရေးအတွင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေအားလုံး တခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှု အောက်မှာ စုစည်းနိုင်ရေးအတွက် ကြိုးစားခဲ့ကြပါတယ်။လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ကြတဲ့ နွေဦးတော်လှန်ရေး အင်အားစုအားလုံးဟာ ဗဟိုကွပ်ကဲမှု တခုတည်းအောက်မှာ စုစည်းနိုင်လေလေ စစ်အာဏာရှင် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင်လေလေဆိုတာကို မမေ့ကြဖို့ အထူးလိုအပ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါကြောင့် ပြည်သူလူထုတရပ်လုံး အနေနဲ့လည်း စစ်ရေး တပ်ပေါင်းစုတွေ စုဖွဲ့မှုကို လေးနက်စွာ ဂုဏ်ပြု ကြိုဆိုကြဖို့ လိုသလို ပြည်သူ့ ဝန်းရံမှု အစဉ်အမြဲ ရှိနေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
“စစ်ရေးကဏ္ဍမှာ စုဖွဲ့မှု ပိုမိုအားကောင်းလာဖို့ ကျနော်တို့ အစိုးရ အနေနဲ့လည်း ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ လက်ရှိ စစ်ရေးအတွက် C3Cလို စုဖွဲ့ထားမှုတွေရှိထားပြီးဖြစ်သလို ယခုထက်လည်း ပိုမိုအားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြည်သူတရပ်လုံးကို လေးနက်စွာ တင်ပြလိုပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။
တော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာတဲ့ စုဖွဲ့မှုကို ဆက်လက်အားစိုက်တည်ဆောက်မှာ ဖြစ်ကြောင်းလည်း အသိပေးပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်မူအပေါ် အခြေခံပြီး အပြန်အလှန်လေးစားမှု တန်းတူညီမျှမှုတွေကို ဆက်လက်ဆွဲကိုင်ပြီး လျှောက်လှမ်းနေမှာ ဖြစ်သလို တာဝန်ခွဲဝေမှု အပေါ် အခြေခံပြီးတော်လှန်ရေး အင်အားစုများ ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပ ပြည်သူတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးကို ဆက်လက်၀ိုင်းဝန်း ထောက်ပံ့ကူညီကြဖို့ မေတ္တာရပ်ခံခဲ့သလို အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဝိုင်းကူဖို့၊ စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ အသက်ပေးသွားတဲ့ မိသားစုဝင်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း တော်လှန်ရေးမှာ အင်အားစုစည်းမှုလိုအပ်ကြောင်း ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြောကြားထားပါတယ်။
တော်လှန်ရေးသမားတွေအနေနဲ့ မတရားမှုကို တွန်းလှန်တာဟာ အစဖြစ်သလို ပန်းတိုင်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်လို့ ဒီလို မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ နားလည်မှု အပြည့် နဲ့ စုစည်းဆောင်ရွက်ဖို့ လိုကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားထားပါတယ်။


















































