Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ပထမဆုံးရက် ရန်ကုန်မြို့မှာ ယာဉ်တိုက်မှုကြောင့် လူ ငါးဦး သေဆုံးသူ

နှစ်သစ်ပထမဆုံးရက် ဇန်နဝါရီ ၁ရက်က ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ယာဉ်တိုက်မှုလေးကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။

နှစ်သစ်ပထမဆုံးရက် ဇန်နဝါရီ ၁ရက်မနက်စောက ရန်ကုန်မြို့မှာယာဉ်တိုက်မှုဖြစ်အပြီး တွေ့ရစဉ်။ Htin Lin Aung

ဇန်နဝါရီ-၂၊၂၀၂၆။ရောင်နီ/ People’s Spring

နှစ်သစ်ပထမဆုံးရက် ဇန်နဝါရီ ၁ရက်က ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ယာဉ်တိုက်မှုလေးကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင် နှစ်သစ်ကူးချိန် မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမ သင်္ကန်းကျွန်းကြီး မှတ်တိုင်နားမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး အခင်းနေရာမှာတင်သေဆုံးခဲ့တယ်လို့ ပုလဲအရန်မီးသတ်က ဓာတ်ပုံနဲ့ အတူအသိပေးထားပါတယ်။

သေဆုံးသူဟာ အသက်(၅၀)ခန့်အရွယ်ရှိပြီး ပုလဲအရန်မီးသတ်က မြောက်ဥက္ကလာပမြိုနယ်အထွေထွေဆေးရုံ‌ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁ ရက် နံနက် ၄နာရီကျော်မှာ လှိုင်သာယာမြို့နယ် အဝေးပြေးကားဝင်းအကျော် ရန်ကုန်-ပုသိမ်လမ်းမပေါ်မှာတော့ ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ ရပ်ထားတဲ့ကုန်တင်ကားကို အိမ်စီးကားကနောက်ကနေ ဝင်တိုက်ခဲ့တာလို့ သိရပြီး အိမ်စီးကားပေါ်မှာ လိုက်ပါလာသူ နှစ်ဦးသေဆုံးကာ ၊ နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဂရုဏာတွဲလက် လူမှုကူညီရေးအသင်း၊ ပြည်တော်သစ် လူမှုကူညီရေးအသင်းနဲ့ မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းတို့ရဲ့လူနာတင်ယာဉ်‌ တွေနဲ့ လှိုင်သာယာပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နံနက် ၆ နာရီလောက်မှာတော့ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်မှတ်တိုင်နားမှာ အငှားယာဉ်နဲ့ YBS ဝင်တိုက်မှုဖြစ်ပြီး အငှားယာဉ်မောင်းက အခင်းနေရာမှာတင်သေဆုံးခဲ့တာကြောင့် ပုလဲမီးသတ်က အင်းစိန်ဆေးရုံကိုပို့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ညနေ ၃နာရီခွဲလောက်မှာတော့ သန်လျင်မြို့နယ် အောင်သပြေ(၆)လမ်းသွားလမ်းဆုံမှာ ပေ ၄၀ကားနဲ့ လိုက်ထရပ်ကား တိုက်မှုဖြစ်ခဲ့ပြီး လိုက်ထရပ်ကားက လမ်းပေါ်မှာ ပက်လက်အနေအထားတိမ်းမှောက်နေတာကို ဓာတ်ပုံမှတ်တမ်းအရတွေ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ လိုက်ထရပ်ကားပေါ်မှာလိုက်ပါလာတဲ့ (၇)နှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လောကအလင်း လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

လိုက်ထရပ်ကားပေါ်ပါလာသူတွေဟာ သန်လျင်ဒေသခံတွေဖြစ်ပြီး ကျောက်တန်းဘက်မှာ အကြော်သွားစားပြီး အပြန်မှာဖြစ်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ လမ်းဆုံက မီးပွိုင့်ပျက်နေပြီး ယာဉ်တိုက်မှု မကြာခဏ‌ဖြစ်လေ့ရှိပေမယ့် သက်ဆိုင်ရာဌာနတွေက ပြင်ဆင်တာမျိုးမရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ဆက်စပ်သတင်းများ