ဇန်နဝါရီ – ၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြချက်နဲ့ ရွှေကုက္ကိုလ်နယ်မြေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်တွေကို အဲဒီနေရာကိုထိန်းချုပ်ထားတဲ့ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက မလိုလားတာကြောင့် ပြန်လည် ဆုတ်ခွာသွားတယ်လို့ ကရင်သတင်းရင်း မြစ်တွေက ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းနေရာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက် က စစ်ကောင်စီတပ်နဲ့ BGF တို့ပေါင်းပြီး ဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ တပ်တွေဟာ ရွှေကုက္ကိုမြို့သစ်ပေါ်မှာရှိတဲ့ဘုန်းကြီးကျောင်းနဲ့ ကျားဖြန့် အဆောက် အဦးတွေမှာ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

Public Service Announcement
“ တပ်မ(၂၂)စစ်သားတွေက ဘုန်းကြီးကျောင်းမှာနေတယ်၊ တရုတ်ဆိုက်မှာလည်းနေတယ်၊ အခုမတွေ့ရတော့ဘူး ပြန်ကုန်ကြပြီ အဖိုးကြီး(စောချစ်သူ)ပေးပြန်ခိုင်းတယ်” လို့ မြဝတီဒေသခံ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ်(BGF)ကနေကရင်အမျိုးသားတပ်မတော် (KNA)ကို ဘက်တံဆိပ် ပြောင်းလဲလိုက်တဲ့ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူးညမှာ ရွှေကုက္ကိုက BGF တပ်ဖွဲ့ဝင်တွေအားလုံး လုံခြုံရေးသတိနဲ့နေရပြီး ကျားဖြန့် ကြောင့်ရွှေကုက္ကိုမြို့ထဲရောက်ရှိလာခဲ့ကြတဲ့တပ်မ ၂၂ လက် အောက်ခံတပ်ဖွဲ့တွေကို အဲ့ဒီနေ့မှာပဲ စောချစ်သူက ပြန်ခိုင်းခဲ့တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် တပ်မ ၂၂ လက်အောက်ခံတပ်တွေနေရာမှာ တပ်ချိန်းမယ့် တပ်မ ၄၄ တပ်တွေကိုလည်း ရွှေကုက္ကိုလ်မြို့ ထဲ အဝင်မခံတော့ဘူးလို့ ကရင်သတင်းရင်းမြစ်တွေထံကသိရပါတယ်။
စစ်ကောင်စီတပ်က တပ်မ ၄၄ လက်အောက်ခံတပ် တွေကို မြ၀တီမြို့ကနေ ပို့ဆောင်ထားခဲ့ရာ မြ၀တီ-ရွှေကုက္ကိုလမ်းသစ်ပေါ်က နဒီလင်းမြိုင်တံတား ချောင်းဆုံဘက်ခြမ်းဂိတ်မှာ BGF က အဝင်မခံဘဲ တားမြစ်ထားတယ်လို့ ရွှေကုက္ကိုသတင်းရင်းမြစ်က ပြောပါတယ်။
တပ်မ ၄၄ လက်အောက်ခံတပ်တွေကို အဝင်မခံတာဟာ BGF ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အမိန့်ကြောင့်ဖြစ်တယ်လို့ သိရပြီး နဒီလင်းမြိုင်တံတား မြ၀တီမြို့ အမှတ်(၇)ရပ်ကွက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့အင်အားရာဂဏန်းခန့် ရောက်ရှိတပ်စွဲနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တဖက်မှာလည်း ရွှေကုက္ကိုမြို့ထဲကို ကျားဖြန့်ကိစ္စနဲ့ ဝင်ရောက်ကွပ်ကဲနေပြီး မြ၀တီတောင်ဘက် ဖလူး၊ မင်းလက်ပံဒေသအတွင်းမှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ကို ကွပ်ကဲနေတဲ့ တပ်မမှူးဖြစ်သူကိုလည်း အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က ရာထူးကနေဖြုတ်လိုက်တယ်လို့ BGFနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ (၂၂)တပ်မမှုးပြုတ်တယ်၊ စစ်ဆင်ရေးမအောင်မြင်တာလည်းပါတယ်၊ သူ့တပည့်တွေ ဗိုလ်ဒါဘောင်(KNLA ကော်ဘရာ)ဆီ (လက်နက်ချအလင်း)ဝင်တာများတယ်” လို့ အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလကုန်ပိုင်းက ဘားအံမြို့ပေါ်က တပ်မ ၂၂ ဌာနချုပ်အပါအဝင် နယ်မြေခံတပ်ရင်းဌာနချုပ်တွေမှာ လုံခြုံရေးတပ်လှန့်ထားပြီး ဘယ်လိုကိစ္စရပ်ကြောင့် မသိရသေးပေမယ့် လတ်တလောထွက်ပေါ်နေတဲ့ BGF ရဲ့ KNA အပြောင်းအလဲကိစ္စကြောင့်ဖြစ်နိုင်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
ဘားအံမြို့နယ်ထဲက BGF ထိန်းချုပ်ထားတဲ့ ကျေးရွာတွေတချို့မှာလည်း ရွေးကောက်ပွဲအပိုင်း(၁) မကျင်းပခင်ရက်ပိုင်းအလိုမှာ လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေက ရောက်ရှိနေရာယူတပ်စွဲထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
BGFကနေ KNA ကိုပြောင်းလဲလိုက်ပြီးတဲ့ အခုရက်ပိုင်းအတွင်းမှာ ဘားအံမြို့ထဲကို BGF တပ်ဖွဲ့ဝင်တွေ သွားလာနေတာ သိပ်မတွေ့ရတော့ပဲ KNA အဖြစ် မပြောင်းလဲသေးတဲ့ BGF တပ်ဖွဲ့ဝင်တွေတချို့သာ မြို့အဝင် အထွက်စစ်ဆေးရေးဂိတ်တွေမှာ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်အမျိုးသားတပ်မတော်(KNA)ကို ပြောင်းလဲသွားမယ့် BGF တပ်တွေဟာ တပ်နယ်(၁)၊ တပ်နယ်(၂)၊ တပ်နယ်(၃)နဲ့ တပ်နယ်(၄)ထဲက တပ်ရင်းအများစုလည်း ပါဝင်ပြီး မြ၀တီမြို့ပေါ်အခြေစိုက် တပ်နယ်(၄) တပ်မှူးနဲ့ (၁၀၂၂)တပ်ရင်းမှူးဖြစ်သူ စောမုတ်သုန်ကတော့ လတ်တလောမှာ KNA အဖြစ် ပြောင်းလဲတာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေကဆီကနေ သိရပါတယ်။
ကရင်အမျိုးသားတပ်မတော်(KNA)ထဲမှာ စစ်ဒေသ ၄ ခု၊ ဗျူဟာ ၉ ဗျူဟာ၊ တပ်ရင်းပေါင်း ၆၀ ကျော်နဲ့ တပ်အင်အားအများအပြား ပါဝင်ဖွဲ့စည်းထားပြီး ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးလို့ BGF စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်စောကြာအင်းက KNA ပြောင်းလဲဖွဲ့စည်းတဲ့အခမ်း အနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

















































