ဇန်နဝါရီ-၃၊၂၀၂၆။သတိုး/People’s Spring
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲလေးလနီးပါးအတွင်း စစ်ကောင်စီရဲ့တပ်မ(၂၂)ကတပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ ကျော်အထိရှိနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။လက်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ လေးကေ့ကော်ဒေသတိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီးစစ်တပ်ကမင်းလက်ပံရွာမှာဘဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။
လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၃)ဒုတပ်ရင်းမှူးနဲ့ ခမရ(၂၀၁)တပ်ရင်းမှူး သေဆုံးပြီး တပ်ရင်းမှူးသုံးဦး ဒဏ်ရာရထားတယ်လို့ တပ်မဟာ(၆)နယ်မြေက လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“တပ်မ(၂၂)က သေဆုံး သုံးရာကျော်ပြီ။ တပ်ရင်းမှူ အဆင့် သုံးယောက်ဒဏ်ရာရ ။ 2ICက နှစ်ရက် သုံးရက်က တစ်ယောက်သေတယ်။ ၂၀၃ ဒုတပ်ရင်းမှူးသေတယ်။ ၂၀၁ တပ်ရင်းမှူးက မင်းလက်ပံတိုက်ပွဲမှာ သူဗိုက်ပေါက်သွားတယ်။ တပ်ရင်းမှူးအဆင့်ကသုံးယောက်ဒဏ်ရာရတာကတစ်ယောက်ကခြေထောက်ပြတ်တယ်”လို့လူထုနွေဦးရဲ့သတင်းရင်းမြစ်က ပြောပါတယ်။
လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)ရဲ့ သေဆုံးနဲ့ ဒဏ်ရာရစာရင်း စုစုပေါင်းဟာ ၆၀၀ ကျော်နေပြီလို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း တပ်မ(၂၂)ထံကလက်နက်ခဲယမ်းတွေလည်းတော်လှန်ရေးတပ်ဖွဲ့တွေက အများအပြားသိမ်းရထားပါတယ်။
လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးမှုများပြီး အလင်းဝင်လာသူများရှိနေတယ်လို့ ယအဲဒီဒေသတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အဓမ္မခေါ်ယူစုဆောင်းတာတွေ၊ အတင်းကြပ်ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေနဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်က ကရင်ပြည်နယ် ၊မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်ဒေသကို စက်တင်ဘာ ၂၁ရက်ကစပြီး တပ်မ(၂၂)လက်အောက်ခံ တပ်ရင်းတွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။ ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀နဲ့ စစ်ကြောင်းထိုးလာတာလို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ၂၀၂၅ အောက်တိုဘာ ၂၃ရက်မှာ လူထုနွေဦးကို ပြောထားပါတယ်။
စစ်တပ်ဟာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကိုအများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ PDFပူးပေါင်းတပ် စစ်ကြောင်းတွေက လေးကေ့ကော်မြို့သစ်ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်က ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပေါ်ထွက်ဖူးပါတယ်။




















































