Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်မှာ တီးတိန်မြို့သိမ်းနိုင်ရေးဆက်ကြိုးစားနေဟု ချင်းညီနောင် ပြော

၂၀၂၅အတွင်းမှာ ချင်းပြည်နယ်၊ တီးတိန်မြို့ကို သိမ်းပိုက်မယ်လို့ ချင်းညီနောင်က ကြွေးကြော်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပေါ် ပြည်သူတဦးချင်းစီကို ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက တောင်းပန်လိုက်ပြီး နှစ်သစ်မှာ တီးတိန်မြို့သိမ်းနိုင်ဖို့ ဆက်လက်ကြိုးစားနေကြောင်း ပြောပါတယ်။

တိုက်ပွဲကြောင့် တီးတိန်မြို့ ရှိ နေအိမ်အချို့ မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

၂၀၂၅အတွင်းမှာ ချင်းပြည်နယ်၊ တီးတိန်မြို့ကို သိမ်းပိုက်မယ်လို့ ချင်းညီနောင်က ကြွေးကြော်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပေါ် ပြည်သူတဦးချင်းစီကို ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက တောင်းပန်လိုက်ပြီး နှစ်သစ်မှာ တီးတိန်မြို့သိမ်းနိုင်ဖို့ ဆက်လက်ကြိုးစားနေကြောင်း ပြောပါတယ်။

ချင်းညီနောင်က ဒီကနေ့ ဇန်နဝါရီ ၃ရက်မှာ ပြုလုပ်တဲ့ နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားမှာ ဆလိုင်းထန်းချွန်းဖေက အခုလို ပြောကြားခဲ့တာပါ။

“၂၀၂၅မှာတော့ ချင်းညီနောင်ရဲ့ ထိန်းချုပ်နယ်မြေ အကုန်လုံး သိမ်းပိုက်ရရှိရေး ဆိုပြီး တော့ ကျနော်တို့ ကြွေးကြော်ခဲ့ပါတယ်။ဒါပေမဲ့ တီးတိန်မြို့ကိုမသိမ်းနိုင်သေးတဲ့အတွက်ကြောင့်လည်း မိဘပြည်သူတယောက်ချင်းစီကိုလည်း ကျနော်တို့ တောင်းပန်ပါတယ်။ ဒီဟာက ၂၀၂၅မှာ မသိမ်းနိုင်သေးပေမယ့် နှစ်သစ်ကစပြီး ၂၀၂၆ အတွင်းမှာတော့ ကျနော်တို့ရဲ့ စစ်ရေး ရည်မှန်းချက်အောင်မြင်တဲ့အထိ သွားနိုင်ဖို့ ဆက်ပြီး ကြိုးစားနေပါတယ်ဆိုတဲ့ဟာကိုလည်း ပြည်သူလူထုကို အသိပေးလိုပါတယ်” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြို့သိမ်းစစ်ဆင်ရေးဟာ မလွယ်ကူပဲ အသက်တွေပေးရသလို ငွေကြေး ကုန်ကျမှုများကြောင်း ပြောပြပါတယ်။ လက်နက်မပြည့်စုံမှု လေ့ကျင့်မှုမပြည့်စုံမှု၊ ငွေကြေးအခက်အခဲတွေကြောင့် စစ်ကောင်စီရဲ့ အလုံးစုံ ဖြတ်တောက်ရေးအောက်မှာ များစွာ ရုန်းကန်ရကြောင်းလည်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။ ဒါပေမဲ့ ဇွဲလျှော့မှာမဟုတ်ဘဲ တီးတိန်မြို့သိမ်းရရှိရေး ဆက်ကြိုးစားနေကြောင်း ထပ်လောင်း ပြောပါတယ်။

နယ်မြေခံ PDF ဇိုလဲန်းကလည်း ကြိုးပမ်းနေလို့ ၂၀၂၆မှာ စစ်ရေးရည်မှန်းချက် ပန်းတိုင်အောင်မြင်အောင် လုပ်ဆောင်မယ်လို့ဆိုပါတယ်။ တဖွဲ့ချင်းစီရဲ့ အားနည်းချက်တွေကိုနှစ်သစ်မှာပြုပြင်တည်ဆောက်သွားမယ်လို့လည်း ပြောပါတယ်။ အဖွဲ့အစည်းကို အခုထက်ပိုမို ကျစ်လစ်ခိုင်မာအောင် နဲ့ အင်အားရှိတဲ့တပ်၊ အင်အားရှိတဲ့အဖွဲ့အစည်းဖြစ်ပေါ်လာဖို့ ကြိုးစားရမယ်လို့လည်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

လတ်တလော စစ်ကောင်စီက ထိုးစစ်ဆင်နေလို့ တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နယ် စစ်ရေးအခြေအနေကိုလည်း ဆလိုင်းထန်းချွန်းဖေက အသိပေးပါတယ်။ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေများစွာ ဖြစ်နေကြောင်း၊ စစ်ရေး အခြေအနေအရ ထုတ်ဖော်မပြောတာဖြစ်ပေမယ့် မြေပြင်မှာ အမှန်တကယ် စစ်တိုက်နေရတဲ့ အချိန်ကာလဖြစ်ကြောင်း ပြောပြပါတယ်။

ချင်းညီနောင်ဟာ မဟာမိတ်တွေနဲ့ပေါင်းပြီး ၂၀၂၄အတွင်းမှာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်ခဲ့သလို ၂၀၂၅ နွေမှာ ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာ စစ်တပ်က ချင်းပြည်နယ်က ဆုံးရှုံးနယ်မြေတွေပြန်ရဖို့ ထိုးစစ်ဆင်နေလို့ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်တွေ၊ ချင်းညီနောင်နဲ့ အခြားမဟာမိတ်တပ်တွေက စစ်ကောင်စီထိုးစစ်ကို ခုခံလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ