ပြန်လည်သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်
ဇန်နဝါရီ-၃၊ ၂၀၂၆။ဇေအောင်၊ဟန်နွေ/People’s Spring
မန္တလေးတိုင်းက မြို့နယ် ၃ခုကနေ ယာယီဆုတ်ခွာပေးထားရတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်းနဲ့ ပြန်လည်သိမ်းပိုက်နိုင်ရေး ဆက်တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်က နယ်မြေတွေနဲ့ပတ်သက်ပြီး ဒီကနေ့ (ဇန်နဝါရီ ၃ရက်) ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်လိုက်တာပါ။

Public Service Announcement
မန္တလေး PDFဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ အတူလက်တွဲပြီး စခန်းသိမ်း၊ မြို့သိမ်းထိုးစစ်တွေကို ဟန်ချက်ညီညီ လက်တွဲဖော်ဆောင်ခဲ့ပြီး မန္တလေးဒေသတွင်းက မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်က နယ်မြေအချို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီနယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း နွေဦးတော်လှန်ရေးအင်အားစုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ မန္တလေး PDFက ဆိုပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ စစ်အုပ်စုက မန္တလေးမြို့နားက ဒီနယ်မြေတွေကို ပြန်သိမ်းဖို့ ၂၀၂၄ ဩဂုတ်နောက်ပိုင်းကစပြီး မြေပြင်၊ လေကြောင်း၊ ရေကြောင်း အားလုံးသုံးပြီး တန်ပြန်ထိုးစစ်ကြီးတွေကို အပြင်းအထန် လုပ်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
အဲဒီလိုအခြေအနေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ၁၈လကျော်ကြာအောင် မဆုတ်တမ်းခံစစ်နဲ့ ခုခံကာကွယ်ခဲ့တယ်လို့ မန္တလေး PDFက ထပ်မံအသိပေးပါတယ်။
မန္တလေး PDFနဲ့ ညီနောင်နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေဟာ စိုးမိုးထိန်းချုပ်နယ်မြေတွေကို ကာကွယ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြတယ်လို့ မန္တလေးPDFက ဆိုပါတယ်။
စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ စစ်အုပ်စုရဲ့ အဖက်ဖက်သာလွန်အင်အားနဲ့ တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်များ အနားမရဘဲ စစ်ပန်းလာမှုနဲ့ တိုက်ပွဲဝင်လူအင်အားနဲ့ လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုများကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် နယ်မြေအချို့မှာ ခွာစစ်ဆင်ကာ ယာယီအားဖြင့် ဆုတ်ခွာပေးခဲ့ရကြောင်း မန္တလေး PDFက ထုတ်ပြန်ခဲ့ပါတယ်။
“ အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အဆိုပါနယ်မြေများကို အကြမ်းဖက် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်သွားသည့်အတွက် ဒေသခံများအပါအဝင် ပြည်သူလူထုအပေါင်းကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အနူးအညွတ် တောင်းပန်အပ်ပါသည်” လို့ မန္တလေး PDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မန္တလေး PDFအနေနဲ့ လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ညီနောင်တော်လှန်ရေးအင်အားစုများနဲ့အတူ ပူးပေါင်းလက်တွဲကာ ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးပါတယ်။
အဲဒီနယ်မြေတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေစဉ်ကာလနဲ့ ခုခံစစ်ကာလများအတွင်း အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ရာပေါင်းများစွာသော တော်လှန်ရေးရဲဘော်တွေကို မန္တလေး PDF အနေနဲ့ အစဥ် ဦးညွှတ်ဂုဏ်ပြုကြောင်း ရေးသားထားပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေချိန်အတွင်း ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ဖို့ တတ်နိုင်သမျှ ကူညီပံ့ပိုးခဲ့ပြီး နောက်ထပ်လည်း ဆက်လက်ကူညီသွားမှာ ဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ စစ်ရေးဆိုင်ရာ အစီရင်ခံစာမှာလည်း ခဲယမ်းမီးကျောက် ရှာဖွေရရှိမှု လျော့ကျတာနဲ့ စစ်ရေး ပြင်းထန်တဲ့ ဒေသက ရဲဘော်တွေ အနားမရတာ စတဲ့ စိန်ခေါ်မှုတွေ ကြုံခဲ့ရကြောင်း အသိပေးထားပြီး အဲဒီ လို အကန့်အသတ်တွေကြောင့် အချို့ စစ်ဆင်ရေးတွေ အကောင်အထည်မဖော်နိုင်ခဲ့သလို အချို့မြို့တွေမှာ ခွာစစ်ဆင်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

















































