ဇန်နဝါရီ-၃၊၂၀၂၆။ သုည/People’s Spring
စစ်တိုင်းတိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို မဲမပေးကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဘုတလင်မြို့နယ်သပိတ်အင်အားစုနဲ့ ဒီပဲယင်းမြို့နယ်သပိတ်အင်အားစု (၄)မြို့နယ် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဒေသခံပြည်သူတွေဟာ “ ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” ၊ “ အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ၊ “ သင့်မဲဖြင် လူသတ်ခွင့်မပေးနဲ့” စတဲ့ စာသားတွေကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း တို့က ညနေခင်း သပိတ်အဖြစ် “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျဆုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB






















































