Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲလုပ်ဆောင်ဖို့ CRPHနဲ့ NUG လွတ်လပ် ရေးနေ့သဝဏ်လွှာမှာ တိုက်တွန်း

ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ညီညွတ်စွာနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ-၄၊ ၂၀၂၆။ စု/People’s Spring

ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ညီညွတ်စွာနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အာဏာမက်မောတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ခေတ်အဆက်ဆက် မတရားအာဏာလုယူမှုတွေကြောင့် ပြည်သူတွေ စစ်ကျွန်ဘဝသို့ ထပ်ဖန်တလဲလဲ ကျရောက်ခဲ့ရလို့ NUGရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးဟာ (၅)နှစ်နီးပါး ကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုစည်းညီညွတ်မှုနဲ့ အရှိန်အဟုန်မြင့် တိုးတက်လာခဲ့ရာ ယခုအခါ အားတက်ဖွယ်ရာ တိုးတက်မှုတွေကို လက်တွေ့မြင်တွေ့နေရပြီလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ရရှိထားတဲ့ တော်လှန်ရေး အလားအလာကောင်းတွေကို အရင်းပြုပြီး စစ်အာဏာရှင် စနစ်နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်တဲ့အထိ တိုင်းရင်းသားညီနောင်တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့အတူလက်တွဲပြီး အဆုံးတိုင်ချီတက်သွားမယ်လို့ NUG က သန္နိဋ္ဌာန်ပြုပါတယ်။

အထူးသဖြင့် ဒေသအခြေပြု တပ်ပေါင်းစုတွေ ခိုင်မာစွာဖွဲ့စည်းနိုင်တာ၊ ဒေသအလိုက်ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံတွေကို အကောင်အထည်ဖော်ကာ ဖက်ဒရယ်ယူနစ်အစိုးရတွေ ကို စနစ်တကျ ဖွဲ့စည်းတည်ထောင်နိုင်တာ ဟာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ခိုင်မာသော အုတ်မြစ်ချတည်ဆောက်နိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရေးအရ ပိုမိုထိရောက်ပြီး ဟန်ချက်ညီတဲ့ တစ်ခုတည်းသောကွပ်ကဲမှု ကို ဖော်ဆောင်နိုင်ခြင်းဟာ နွေဦးတော်လှန်ရေးကို အောင်ပွဲဆီသို့ အလျှင်အမြန် ပို့ဆောင်ပေးမယ့် ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ တိုးတက်မှုတွေဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

CRPHရဲ့ သဝဏ်လွှာမှာစစ်မှန်သောလွတ်လပ်ရေးဟာ ဖက်ဒရယ်စနစ်နဲ့ တန်းတူညီမျှမှုရှိမှသာ ခိုင်မြဲမှာ ဖြစ်ကြောင်း ဖော်ပြပြီး အခု ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်နိဂုံးချုပ်၍ စစ်မှန်သော လွတ်လပ်ရေး အနှစ်သာရကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲပင် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ စစ်အာဏာရှင်စနစ်သာမက မည်သည့်အာဏာရှင် စနစ်မျိုးကိုမဆို အမြစ်ပြတ်ချေမှုန်းရမယ့် နောက်ဆုံးတိုက်ပွဲဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အနာဂတ် မျိုးဆက်သစ်များ စစ်အာဏာရှင်စနစ်ဆိုးအောက်သို့ ဘယ်သောအခါမှ ပြန်လည်မရောက်ရှိနိုင်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

“မည်သည့်စနစ်၊ မည်သည့် အာဏာရှင်အောက် တွင်မဆို အကြောက်တရား၏အောက်တွင် ရှင်သန်နေရသရွေ့ မိမိတို့သည် လွတ်လပ်သော နိုင်ငံသားများအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မဟုတ်ကြောင်း တော်လှန်ပြည်သူလူထုနှင့် အတူ တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် သတိချပ်စေလိုပါသည်။”လို့လည်း CRPHရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

အကြောက်တရားနဲ့ သေနတ်ပြောင်းဝအောက်မှာ ကျင်းပနေတဲ့ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကမ္ဘာက အသိအမှတ်မပြုရေးကို ကြိုးပမ်းမယ်လို့ CRPHက အသိပေးခဲ့ပြီး တရားမျှတသော ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီးမှသာ ပေါ်ပေါက်လာမှာ ဖြစ်လို့ တော်လှန်ရေးအင်အားစုအားလုံး ပြည်သူလူထုနဲ့အတူ ညီညီညွတ်ညွတ် တွန်းလှန်တိုက်ထုတ်ကြစေလိုတယ်လို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ