ဇန်နဝါရီ-၅၊၂၀၂၆။ သုည/People’s Spring
စစ်တိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင်မည်ရွှေရေကြည် သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့မှ ရဲဘော်တွေက လယ်ယာလုပ်ငန်းခွင်အတွင်း “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” ကြွေးကြော်သံတွေနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် “ နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့သော်လည်း စစ်ဖိနပ်အောက်က လွတ်လပ်ဖို့ တော်လှန်ရေးကို အားစိုက်စို့” စာသားကိုင်ဆောင်ကာ “ စစ်မှန်သောလွတ်လပ်မှုအတွက်မဆုတ်မနစ်တိုက်ပွဲဝင်ကြ” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျဆုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။



















































