KIAတပ်စခန်း ဖျက်သိမ်းလို့မဟုတ်ဘဲ ဒေသခံတွေရဲ့ နွားခြံဖျက်ဆီးခံရလို့ ပြဿနာဖြစ်ခဲ့တာလို့ဆို
ဇန်နဝါရီ-၅၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ဖက်ကာဒေသကြား နမ့်အွန်ကျေးရွာမှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ ဒေသခံတွေ အချင်းများတဲ့ကိစ္စ အဆင်ပြေသွားပြီလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA ရဲ့ တပ်စခန်း ဖျက်ဆီးလို့ ပြဿနာ ဖြစ်တာမဟုတ်ဘဲ ဒေသခံတွေရဲ့ နွားခြံတွေ ဖျက်ဆီးလို့ ပြဿနာ ဖြစ်ခဲ့တာလို့ ရှင်းပြပါတယ်။

Public Service Announcement
ဇန်နဝါရီ ၄ရက်က MNDAA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ အချင်းများနေတဲ့ ရုပ်သံမှတ်တမ်းနဲ့အတူ KIA တပ်စခန်း ဖျက်ဆီးခံရကြောင်း ကနဦး သတင်းဖော်ပြချက်၊ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြတာပါ။
“နမ့်အွမ်ရွာမှာ အဲဒီကိစ္စကတော့ KIAရဲ့ စခန်းကို ဖျက်သိမ်းတာ မဟုတ်ဘူး။ အဲဒီနေရာမှာ TNLA တို့ MNDAA တို့ KIA တို့ တစုတစည်းတည်းနေတဲ့နေရာဖြစ်ပါတယ်။ သူတို့ နေတဲ့ရွာနားမှာ ပြည်သူလူထုတွေကတော့ ကျွဲကျောင်းတာ၊ နွားတင်းကုတ်တွေရှိတယ်တဲ့။ အဲဒါကို ခွင့်မတောင်းဘဲနဲ့ နွားတင်းကုတ်တွေကို ဖျက်ဆီးလိုက်တယ်တဲ့။ ဒါကြောင့် ပြည်သူလူထုလည်း MNDAA တွေနဲ့ အချင်းများတယ်တဲ့။ အခုတော့ ပြည်သူလူထုနဲ့ သူတို့ ညှိပြီးမှ ပြန်ဆောက်ပေးမယ်လို့ ပြောတယ်တဲ့။ အဆင်က ပြေသွားပြီလို့ ပြောတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်ကလည်း နမ့်အွမ်ရွာမှာ အရင်ကတည်းက MNDAA တပ်တွေ က ယာယီစခန်းချဖို့ ဒေသခံတွေ ပြောဆိုခဲ့လို့ စခန်းချတာ အဆင်ပြေပေမယ့် မနေ့က ဒေသခံတွေရဲ့ နွားခြံနဲ့ ဒေသခံတွေရဲ့ အများပိုင်နေရာတွေကို မြေတူးတာတွေကြောင့် ပြဿနာ ဖြစ်ခဲ့တာလို့ ပြောပြပါတယ်။
“ဒေသခံ ပြည်သူလူထုတွေရဲ့ နွားခြံအိမ်တွေရယ် ပြီးတော့ နမ့်အွမ်ဒေသခံ ပြည်သူလူထုရဲ့ အများပိုင် မြေနေရာပေါ့ အဲဒီနေရာမှာ ကိုးကန့်တပ်ဖွဲ့ဝင်တွေက ဘိုဒူဇာနဲ့ မြေထိုးပြီး ကိုးကန့်တပ်ဖွဲ့ဝင်တွေရယ် တရုတ်လူမျိုးတွေကို သူတို့နဲ့ ဆက်စပ်တဲ့ပုဂ္ဂိုလ်တွေကို နေအိမ်အကွက်ချပြီး အိမ်ယာတွေ တည်ဆောက်လာဖို့ စီမံကိန်း စတင်လာတာ လောလောဆယ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြနေတာဖြစ်တယ်” လို့ ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
ဒေသခံ ပြည်သူလူထုကို ဆွေးနွေးတိုင်ပင်တာမရှိဘဲ လုပ်ဆောင် တဲ့ အပေါ် အခုလို ပြဿနာ ဖြစ်တာလို့ ပြောပါတယ်။
“သူတို့ စခန်းတည်ဆောက်နေတာ ဘာမှတော့ မပြောလိုကြပါဘူးတဲ့။ ဒါပေမဲ့ အခုလို ဒေသခံ ပြည်သူလူထုတွေရဲ့ နွားခြံတွေ ဖျက်ဆီးတာတို့ ၊ ကျေးရွာ အများပိုင်မြေနေရာတွေကို နေအိမ်အကွက်ချလာတာတို့ ဒါတွေကိုတော့ ဒေသခံ ပြည်သူလူထုတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။” လို့ ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ မတ်လကလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းရွာအနီး ရွှေတူးဖော်မှုကို ဒေသခံတွေက တားမြစ်ရာမှာ MNDAAက ပစ်ခတ်လို့ ဒေသခံ ၆ဦးသေဆုံးခဲ့ပါတယ်။ အဲဒီကိစ္စအပေါ် ဒေသခံတွေက MNDAA ကို ဆန္ဒပြခဲ့ကြပါသေးတယ်။


















































