ဇန်နဝါရီ-၅၊၂၀၂၆။အိမ်သွင်/People’s Spring
ကသာမြို့မှာဒီကနေ့တိုက်ပွဲမဖြစ်ပဲအာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံပြည်သူ၂ ဦးသေဆုံးပြီး နေအိမ်တချို့မီးလောင်နေပါတယ်။
ဇန်နဝါရီ ၅ရက်၊မွန်းလွဲ၁၂နာရီခန့်မှာ ရပ်ကွက်(၈)၊ပိန္နဲကုန်းရပ်ကွက် နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။
ပိန္နဲကုန်းရပ်ကွက်က အိမ်တချို့မီးလောင်ခဲ့ပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ စစ်ရှောင်နေတဲ့ သူတချို့သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
“တိုက်ပွဲမဖြစ်ဘဲကြဲတာ။မြစ်တစ်ဘက်ကမ်းမှာ လူ၂ ဦးသေဆုံးတယ်။သားအမိတွေ”လို့ဒေသခံတဦးကပြောပါတယ်။
ကသာမြို့ပေါ်က စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲစတင်ခဲ့တာပါ။ ဇန်နဝါရီလ ၃ရက်ကစပြီး မြို့ထဲမှာ ပစ်ခတ်မှုတွေငြိမ်သက်နေခဲ့တာပါ။
မြို့ခံအများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အင်းတော် ၊မော်လူးမြို့တွေအပြင် မြစ်ကြီးနား၊မန္တလေးစတဲ့မြို့ဘက်ကိုစစ်ဘေးရှောင်ကြပါတယ်။ဒေသခံတွေ စစ်ရှောင်တဲ့လမ်းကြောင်းကို စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်လို့ မြို့ထဲကိုပြန်ဝင်လာတဲ့သူတွေလည်းရှိပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလမှာ ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ထဲကို လေကြောင်းကနေ ဗုံးကြဲလို့ သားအမိနှစ်ဦး နဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိအထိ ရရှိထားတဲ့စာရင်းအရ ကသာမြို့မှာ စစ်တပ်က ဗုံးကြဲလို့ သေဆုံးသူအနည်းဆုံး ပြည်သူ ၅ဦး ရှိနေပြီဖြစ်တယ်လို့ဒေသခံတွေကပြောတယ်။
စစ်တပ်ကဆုတ်ခွာခဲ့တဲ့ ကသာမြို့အထက(၂)ကျောင်းဝန်းကိုလည်း ဗုံးကြဲဖျက်စီးခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ နတ်ရေတွင်း၊ အောင်ပုံရွာတွေအပြင် ကသာမြို့ရဲ့ဘေးပတ်ဝန်းကျင်ရွာတွေကို ဗုံးအလုံးရေရာချီကြဲခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာတွေဘက်ကို ဗုံးတွေရာချီကြဲခဲ့လို့မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနိုင်တာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို ခမရ(၃၀၉)တပ်ရင်းထဲ ထွက်ပြေးတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ထွက်ခွင့်မပေးဘဲပိတ်ဆို့ထားတယ်လို့ သိရပါတယ်။မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့စခန်းတွေအနက်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်စဉ် စစ်ကောင်စီတပ်နဲ့ Non CDM ဝန်ထမ်းတွေက မြို့ပြင်မှာရှိတဲ့ ခမရ(၃၀၉)ထဲမှာ သွားရောက်စုစည်းနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ် ဟန်ဆောင်ထွက်ပြေးတဲ့ စစ်ကောင်စီဝန်ထမ်း၅၀ ခန့်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေကဖမ်းမိထားပါတယ်။


















































