ဇန်နဝါရီ၅၊၂၀၂၆၊ရှိန်း/People’s Spring
အာဏာသိမ်း စစ်တပ်ရဲ့ တပ်မ(၃၃) နဲ့ ပျူစောထီးတွေပေါင်းထားတဲ့ စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးပြီး ဒေသခံ အမျိုးသမီး၅ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဒေသခံပြည်သူငါးဦးကို အဓမ္မပြုကျင့်ပြီးတော့သန္ဓေတားဆေးပါထိုးပြီးပြန်လွှတ်ခဲ့တယ်လို့ ဒေသခံ တွေဆီကစုံစမ်းသိရပါတယ်။
ဒီဇင်ဘာလနောက်ဆုံးပတ်ကရှိမ်းမကားရွာရဲစခန်းက နေထွက်လာတဲ့အင်အား၁၅၀ပါ စစ်ကြောင်းဟာ ရှိမ်းမကားရဲ့ မြောက်ဘက်က ရွာသစ်ရွာမှာ ယာယီအထိုင်ချခဲ့ပါတယ်။အဲဒီစစ်ကြောင်းထွက်လာစဉ် ဒေသခံပြည်သူတွေကိုဖမ်းဆီးခဲ့ပါတယ်။

Public Service Announcement
ဖမ်းဆီးခံရတဲ့ပြည်သူတွေထဲက ရွာသစ်ရွာရဲ့ မြောက်ဘက် အင်ဒေါင်းရွာကအမျိုးသမီး၄ဦး၊မင်းရွာထောင်ရွာက အမျိုးသမီး၁ဦးတို့ကို ရွာသစ်ရွာကိုဖမ်းဆီးပြီး ၃ရက်တိုင်အဓမ္မပြုကျင့်ခဲ့တာလို့ သတင်းရရှိပါတယ်။
“ သတ်လက်ပိုင်း အမျိုးသမီးတွေပါ။တဦးကတော့ ၄၀ ကျော်ပါတယ်။ဒီအမျိုးသမီး၅ဦးထဲမှာ တဦးကဘစိတ်သိပ်မအောင်ဘူးလို့သိရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်သားနဲ့ ပျူတွေကအမျိုးသမီးတွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ဇန်နဝါရီလ၃ရက် နေ့မှာ သန္ဓေတားဆေးထိုးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ ရှက်ရွံ့မှု ၊ကြောက်လန့်မှုကြောင့်ဒီဖြစ်စဉ်ကို ထုတ်ဖော်မပြောရဲကြပါဘူး။
လက်ရှိမှာအဲဒီစစ်ကြောင်းဟာ မြောက်ဘက်ကို ဆက်ထွက်နေပြီး ကမ်းဖြူ နဲ့ မှော်ဦးရွာအ နောက်ဘက်မှာ ရှိတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းကတော်လှန်ရေးအားကောင်းတဲ့ဒေသတွေကို စစ်ကြောင်းထိုးအကြမ်းဖက်တာ ၊ဗုံးကြဲသတ်ဖြတ်တာတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေကို အုပ်စုဖွဲ့ အဓမ္မကျင့်တာ ၊အဓမ္မပြုကျင့်သတ်ဖြတ်တာတွေ ဒေသအနှံမှာ ပြုလုပ်လေ့ရှိပြီး ယခုလပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း ကျူးလွန်ခဲ့ကြပါတယ်။

















































