Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မိခင်ကို သားဖြစ်သူက ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံမှာ မိခင်ကို သားဖြစ်သူက ခေါင်းဖြတ်တဲ့ မှုခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Khaosod

ဇန်နဝါရီ – ၅ ၊၂၀၂၆

ထိုင်းနိုင်ငံမှာ မိခင်ကို သားဖြစ်သူက ခေါင်းဖြတ်တဲ့ မှုခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ အမ်းနတ်ချာရုန်း ပြည်နယ်၊ ဆန်နမ်ခန်နီခွမ် ခရိုင်ထဲက ဘန်နွန်ဆွန် ကျေးရွာထဲမှာ ဆိုးရွားတဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

အသက် ၄၂ နှစ်အရွယ် မွန်ခိုလ် အင်သန်နွမ်ဟာ သွေးတွေ စွန်းပေနေတဲ့ အဝတ်အစားတွေနဲ့ ရွာထဲမှာ လျှောက်သွားနေတဲ့နောက် ကျေးရွာ တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးခဲ့ရာက အသက် ၇၁ နှစ်အရွယ် မိခင်ကို ခေါင်းဖြတ်ခဲ့ကြောင်း စုံစမ်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွာသားတွေက မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ သွေးတွေ ပေကျနေတဲ့ မွန်ခိုလ်က လမ်းဘေး တစ်နေရာမှာ ထိုင်နေတာကို တွေ့ပြီး ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာပါ။

နောက်ဆက်တွဲ စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ အခါမှာတော့ မိသားစု နေအိမ်ထဲမှာ ဆာရွိုင် အင်သန်နွမ်ရဲ့ ဦးခေါင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ပါတယ်။ မွန်ခိုလ်ဟာ ကိုင်းခုတ်ဓား တစ်လက်နဲ့ မိခင်ကို ခုတ်ထစ်ပြီးတဲ့နောက် ဦးခေါင်းပြတ်ကို ရွာနားက လယ်ကွင်းတစ်ခုမှာ လွှင့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တစ်ဦးကတော့ ကနဦးမှာ သွေးတွေ စွန်းပေနေတဲ့ မွန်ခိုလ်ကို အားလုံးက မတော်တဆမှု တစ်ခုခုကြောင့် ဒဏ်ရာရလာခဲ့တယ်လို့ ထင်ခဲ့ကြကြောင်း ပြောပါတယ်။

အသက် ၅၇ နှစ်အရွယ် လမ်ရိုင် ဆန်ဆာဝီဆိုတဲ့ အမျိုးသမီးက သူဟာ မွန်ခိုလ်ကို တစ်ယောက်ယောက်က ရန်မူ တိုက်ခိုက်ခဲ့သလားလို့ မေးပေမယ့် မွန်ခိုလ်က မျက်လုံးအကြောင်သား ဖြစ်နေပြီး ရန်လိုသလို ပုံစံမျိုး တုံ့ပြန်ခဲ့ပါတယ်။

ဒါကြောင့်လည်း လမ်ရိုင်က မသင်္ကာ ဖြစ်လာပြီး ရွာသူကြီးဆီ အပြေးသွားပြီး တိုင်တောခဲ့ပါတယ်။ မွန်ခိုလ်ဟာ အရက်ဖြတ် စခန်းက ပြန်လာတာ မကြာသေးသူ တစ်ဦးလို့လည်း သိရပါတယ်။

ရွာသူကြီး ချန်ချန်း ဆန်ခါရွတ်ခ်က ရွာသားတွေကို အန္တရာယ် ရှိနိုင်ကြောင်း ဆော်ဩ သတိပေးခဲ့ပြီးတဲ့နောက် ကာလသားတွေကို လူစုပြီး နေအိမ်ကို သွားစစ်ဆေးတဲ့အခါ ဦးခေါင်းပြတ်နေတဲ့ မိခင်ဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ပါတယ်။

ရွာသူကြီးက ချက်ချင်း ရဲဆီ အကြောင်းကြားခဲ့ပြီး ရဲတွေက ဖြန့်ကျက် ရှာဖွေတဲ့အခါ လယ်ကွင်းထဲက ဦးခေါင်းပြတ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရဲတွေက သံသယ တရားခံကို ဖမ်းဆီးခဲ့ပြီး လူသတ် လက်နက်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ပြီးတော့ DNA စစ်ဆေးချက်တွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မွန်ခိုလ်ဟာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ စွဲချက်တင် ခံရမှာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ချိန်က မွန်ခိုလ်ရဲ့ သွေးထဲမှာ အရက်၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး လွန်ကဲနေသလား ဆိုတာကိုလည်း စစ်ဆေးထားပြီး ရဲတွေက ဓာတ်ခွဲရလဒ်ကို စောင့်ဆိုင်းနေဆဲလို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ နေအိမ်ကိုတွေ့ရပုံ

ကိုးကား – Khaosod

ဆက်စပ်သတင်းများ