Connect with us

Hi, what are you looking for?

သတင်း

မကွေးထောင်မှာ စားပြီးသားပန်းကန်တွေ နိုင်ကျဉ်းတွေဆေးခိုင်းလို့ ငြင်းဆန်ရာက နိုင်ကျဥ်း ၃၅ဦး တစ်လနီးတိုက်ပိတ်ခံရ

မကွေးအကျဥ်းထောင်မှာ တစ်ထောင်လုံးကစားပြီးသားပန်းကန်တွေကို နိုင်ငံရေးအကျဉ်းသားတွေ ဆေးခိုင်းလို့ ငြင်းဆန်ရာက နိုင်ကျဥ်း ၃၅ဦး ရိုက်နှက်ခံရပြီး တစ်လနီးပါး တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မကွေးအကျဉ်းထောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ-၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

မကွေးအကျဥ်းထောင်မှာ တစ်ထောင်လုံးကစားပြီးသားပန်းကန်တွေကို နိုင်ငံရေးအကျဉ်းသားတွေ ဆေးခိုင်းလို့ ငြင်းဆန်ရာက နိုင်ကျဥ်း ၃၅ဦး ရိုက်နှက်ခံရပြီး တစ်လနီးပါး တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မကွေးအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို တစ်လနီးပါး တိုက်ပိတ်ခံထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ၂၀၂၅ဒီဇင်ဘာ ၈ ရက်မှာ မကွေးအကျဉ်းထောင် အမျိုးသားဆောင် (၄)က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တစ်ခုလုံးကစားပြီးသား ပန်းကန်တွေကို လူ ၁၀ဦးတစ်ဖွဲ့စီနဲ့ ဆေးကြောခိုင်းခဲ့ကြောင်း၊ မဆေးနိုင်ဘူးပြောတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကြကြောင်း PPNMက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ခေါင်းငုံ့ထိုင်ခိုင်းတာ၊ ခေါင်းမငုံ့ရင် မျက်နှာအဝတ်စည်းပြီး ရိုက်တာ၊ နေပူလှန်းတာတွေ လုပ်ခဲ့ကြပြီး ခေါင်းကွဲဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့တယ်လို့ PPMMက ဆိုပါတယ်။ နိုင်ငံရေးအကျဥ်းသား တချို့ကိုတော့ မြေပြင်ပေါ် မှောက်ခိုင်းပြီး နံပါတ်တုတ်တွေ၊ ဝါယာကြိုးတွေ၊ မိန်းကြိုးအတုတ်တွေနဲ့ ရိုက်ခဲ့ကြောင်းကို PPNM က အတည်ပြုသတင်းရရှိထားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဥ်ကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ဦးကို ဒီဇင်ဘာ ၈ ရက်ကတည်းက ယနေ့အထိ တိုက်ပိတ်ထားဆဲဖြစ်ပြီး အရိုက်ခံရတဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေကိုတော့ မိသားစုဝင်တွေတောင် အခုချိန်ထိ တိတိကျကျ မသိရသေးဘူးလို့ PPNMက ထပ်မံ အသိပေးပါတယ်။

“ နောက် သုံးရက်နေရင် တစ်လပြည့်တော့မယ်။ နဂိုကျန်းမာရေးမကောင်းတဲ့သူတွေလည်း ပါနိုင်တယ်။ ပန်းကန်မဆေးနိုင်တဲ့သူတွေ ဆိုတာကလည်း လက်တွေမှာအနာတွေပေါက်နေတာမျိုးတို့၊ ထိုင်ရခက်တဲ့သူတွေမျိုးဆိုရင်လည်း ပါနိုင်တယ်။” လို့ PPNMရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီအကြမ်းဖက်မှုတွေမှာ ထောင်ဝန်ထမ်း သက်ပိုင်စိုးက ပါဝင်ကျူးလွန်ခဲ့ပြီး အဆောင် (၁)က တန်းစီး တင်အောင်ထွန်း၊ အဆောင် (၃) တန်းစီး စစ်သားကြီး၊ အဆောင် (၂) တန်းစီး ငပွေး၊ အဆောင် (၄) အခန်းလူကြီး မြတ်ကိုတို့ကိုလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ဖို့ လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ PPNMက ဆိုပါတယ်။

ဒါ့အပြင် ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေက ကုန်ပစ္စည်းတွေကို မတန်တဆ ဈေးမြင့်ရောင်းချနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက သူတို့ဝင်ငွေကို ဖြတ်တောက်ဖို့ ဒီဇင်ဘာ ၁၇ ရက်မှာ ထောင်က ရောင်းတဲ့ ကွမ်းယာတွေကို မဝယ်မစားဘဲ ကွမ်းဖြတ်တောက်ရေး လှုပ်ရှားမှုလုပ်ခဲ့ကြပါတယ်။ အဲဒီအတွက် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ပြီး ခြေကျင်းခတ်ကာ ဒီနေ့အထိ တိုက်ပိတ်ထားတယ်လို့ PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိအခြေအနေမှာတော့ ထောင်ဝင်စာအဖြစ် ဆီနဲ့ သစ်သီးတွေကို မပို့ခွင့်ပြုတော့ဘဲ၊ ဧည့်တွေ့ခွင့်ကိုလည်း တစ်ဦးပဲ တွေ့ခွင့်ပေးထားပြီး နှစ်ဦးတွေ့ချင်ပါက ငွေပေးရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ PPNMက ဆိုပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ အကျဉ်းသားဆိုင်ရာ စံချိန်စံညွှန်းတွေကို ပြင်းပြင်း ထန်ထန် ချိုးဖောက်နေတာဖြစ်တယ်လို့ PPNMက ရှုတ်ချထားပါတယ်။ မကွေးအကျဉ်းထောင်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီး စောင့်ကြည့်မှတ်တမ်းတင်သွားမယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောထားပါတယ်။

ဆက်စပ်သတင်းများ