ဂျပန်နိုင်ငံမှာ မဂ္ဂနီကျု ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ကျည်ဆန်ရထား ပြေးဆွဲမှုတချို့ကို ယာယီ ရပ်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။
အဲဒီငလျင်ဟာ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက နိုင်ငံအနောက်ပိုင်း၊ ချူဂိုကူ ဒေသကို ဦးတည် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ရဲ့ဗဟိုချက်ဟာရှီမာနီ ဧရိယာ အရှေ့ပိုင်းကို ဦးတည်ခဲ့ပြီး ပင်လယ်ပြင်ဖက်က ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာမယ့် အန္တရာယ် မရှိကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

Public Service Announcement
ငလျင်ဗဟိုချက်နဲ့ မိုင် ၂၀ လောက်အကွာမှာ ရှိနေတဲ့ ရှီမာနီ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာလည်း ဘာပြဿနာမှ မရှိဘဲ ပုံမှန် လည်ပတ်နေတယ်လို့ သိရပါတယ်။ ပြီးတော့ ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု သတင်းမျိုးလည်း မရခဲ့ပါဘူး။
၂၀၁၁ ခုနှစ်တုန်းက ဂျပန်မှာ ဖျက်အားပြင်း ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်း ရိုက်ခတ်မှုတွေကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေ ကွဲအက်ပြီး ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လုံခြုံရေးအရ ရှီမာနီ စက်ရုံကိုလည်း ပိတ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကမှ ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ငလျင်အပြီးမှာ ဒေသတွင်းက ကျည်ဆန်ရထားလမ်းတွေကို လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ခရီးစဉ်တချို့မှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ နာရီ အနည်းငယ် အကြာမှာတော့ ခရီးစဉ်တွေအားလုံး ပုံမှန် ပြန်လည် ပြေးဆွဲနေကြောင်း သိရပါတယ်။
ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နေတာကိုလည်း သိရှိခံစားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ရဲ့ လှုပ်ရမ်းမှုဟာ ဂျပန်က အသုံးပြုတဲ့ အဆင့် သတ်မှတ်ချက် ၁ ကနေ ၇ အထိမှာ အဆင့် ၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဆင့်က အမှီအတွယ်တွေ မရှိဘဲ လှုပ်ရှားသွားလာဖို့ ခက်လောက်အောင် လှုပ်ရှားခြင်းမျိုးကို ဆိုလိုပါတယ်။
ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်နေပြီး ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ဆုံး နိုင်ငံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၀ နဲ့အထက် အပြင်းစား ငလျင်ကြီးတွေရဲ့ ငါးပုံတစ်ပုံဟာ ဂျပန်နိုင်ငံ ပိုင်နက်နဲ့ အနီးတဝိုက်တွေကို ဗဟိုပြုခဲ့တာလို့လည်း သိရပါတယ်။
ကိုးကား – Reuters

















































