လက်နက် ၁၅လက်နဲ့ စစ်သုံ့ပန်းအချို့ထပ်ရ
ဇန်နဝါရီ-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ခွန်လီကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ တောင်ကုန်းနေရာ အချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ထပ်မံရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဇန်နဝါရီလဆန်းမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့တဲ့ ဖလမ်းမြို့နယ် ခွန်လီရွာအနီးမှာ ဇန်နဝါရီ ၅ရက်က တိုက်ပွဲဆက်လက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
“ ချင်းပူးပေါင်းတပ်ဘက်ကနေ မနေ့က စစ်သုံ့ပန်းနဲ့ လက်နက် ရရုံမဟုတ်ဘဲနဲ့ သူတို့နေတဲ့ တစ်ကုန်း၊ နှစ်ကုန်းလောက် သိမ်းပိုက်ရရှိတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ် သိုင်းငင်းဘက်ကနေ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဇန်နဝါရီ ၅ရက်တိုက်ပွဲမှာ စစ်သုံ့ပန်း၂ဦးဖမ်းမိသလို စစ်ကောင်စီထံမှ လက်နက် ၁၅လက်နဲ့ ခဲယမ်းတွေများစွာ သိမ်းရတယ်လို့ The Voice of Chinland က ဖော်ပြထားတဲ့ အချက်အလက်တွေကိုလည်း အတည်ပြုပေးပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခွန်လီရွာတိုက်ပွဲကနေ နောက်ဆုတ်သွားပေမယ့် အနီးဝန်းကျင်မှာ ဆက်ရှိနေတာကြောင့် တိုက်ပွဲတွေ ဆက်ရှိနေနိုင်သေးတယ်လို့ ဆလိုင်းတင်မီက အသိပေးပါတယ်။
ဒါ့အပြင် မနေ့ကတိုက်ပွဲမှာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ ခွန်လီရွာက နေအိမ်အချို့ မီးလောင်ပျက်စီးတာတွေရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ ချင်းပြည်နယ်ကို မြေပြင်နဲ့ လေကြောင်းက စစ်အင်အားတွေဖြည့်တင်းပြီး ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာကို ချင်းညီနောင်(CB)နဲ့ ချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေက အတူပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာပါ။
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းကဖလမ်း၊ တီးတိန်မြို့နယ်တွေကို ထိုးစစ်ဆင်လာတာကို ချင်းပြည်ကောင်စီ၊ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းမိထားကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ဇန်နဝါရီ ၄ရက်မှာ ပြောပြထားပါတယ်။
“သူတို့ ထိုးစစ်ဆင်တဲ့အချိန် တောက်လျှောက်မှာ ကျနော်တို့ဘက်က အသာယူနိုင်တယ်လို့ ပြောလို့ရတာပေါ့” လို့ နိုင်ဂျွန်ကိန်းက ပြောကြားထားပါတယ်။
စစ်ကောင်စီဟာ ဖလမ်းမြို့နယ် ဝေဘူလဘက်က စစ်ကြောင်းထိုးလာသလို တီးတိန်မြို့နယ် သိုင်းငင်းဘက်ကလည်း စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ နိုင်ဂျွန်ကိမ်းက ပြောပါတယ်။ မနေ့က ခွန်လီရွာအနီး တိုက်ပွဲ အခြေအနေကိုလည်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်နဲ့ The Voice of Chinland – VOC ရဲ့ ဖော်ပြချက်အရဇန်နဝါရီ ၃ရက်က ဖလမ်းမြို့နယ် ခွန်လီရွာအနီး တိုက်ပွဲမှာ စစ်သုံ့ပမ်း ၂ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ပါတယ်။ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ ၂ဦး အရှင်ဖမ်းမိက လက်နက်တွေရခဲ့တာပါ။
၂၀၂၅ ဒီဇင်ဘာ ၂၉ရက် ညနေပိုင်းက ခွန်လီရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃ဦးသေဆုံးကာ ၄ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၀လက်နဲ့ ကျည်တွေ သိမ်းရခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူဖော်ပြပါတယ်။ဒီဇင်ဘာ ၂၇ရက်က ဖလမ်းမြို့အနီး ခွန်လီ နဲ့ ဆွန်ဟရန်ရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိသလို လက်နက် ၂လက်နဲ့ ကျည်အချို့ သိမ်းရခဲ့တယ်လို့ VOCက ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၃ရက်ကလည်း ဖလမ်းမြို့အနီး ဆွန်ဟရန် ကျေးရွာ တောင်ကြောကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၃ဦးသေဆုံးပြီး လက်နက်နဲ့ ကျည်တွေ သိမ်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ၊ လေကြောင်းက ခဲယမ်းရိက္ခာဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
(ဖလမ်းမြို့နယ် တိုက်ပွဲအတွင်းမှာ ချင်းပူးပေါင်းတပ် သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – VOC)

















































