Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့မှာ ခိုးမှု၊ လုယက်မှု နေ့စဥ်နီးပါးဖြစ်ပွားနေ

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မြို့ပေါ်မှာပဲ တန်ဘိုးကြီးဆိုင်ကယ်၊ ဖုန်းနဲ့ အခြားပစ္စည်းတွေ နေ့စဥ်အခိုးခံနေရပြီး လုယက်မှုတွေ နေ့စဥ်နီးပါးဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၆၊ ၂၀၂၆။ အလင်္ကာ/People’s Spring

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မြို့ပေါ်မှာပဲ တန်ဘိုးကြီးဆိုင်ကယ်၊ ဖုန်းနဲ့ အခြားပစ္စည်းတွေ နေ့စဥ်အခိုးခံနေရပြီး လုယက်မှုတွေ နေ့စဥ်နီးပါးဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ အောင်ဇေယျာစျေး၊ မြို့မစျေး၊ ဆေးရုံ၊ ကားဂိတ်၊ ပွဲရုံ၊ ချမ်းသာကြီးချမ်းသာရဘုရားအနီးတဝိုက်နဲ့ လမ်းမတော် လူစည်ကားရာတွေမှာ ခိုးမှုအများဆုံး ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွှေဘို-ရေဦးလမ်း၊ ကန်တော်ကြီး၊ မြို့ထောင့်စေတီအနီး၊ စက်မှုဇုန်လမ်း၊ မြို့အဝင်စစ်တပ်ဂိတ်တွေနဲ့ မနီးမဝေးကြားလမ်းတွေမှာ လုယက်မှုတွေ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

“ ဆိုင်ကယ်နဲ့ ဖုန်းအခိုးခံတယ်ဆိုတာကတော့ နေ့တိုင်းကြားနေရတာ၊ ခိုးတဲ့သူက တယောက်တည်းမဟုတ်ဘူး။ ၅ယောက်၊ ၇ယောက် အဖွဲ့လိုက် လိုက်ခိုးနေတယ်လို့ ကြားတယ်၊ တန်ဘိုးကြီးပစ္စည်းအပြင် ကုန်ပစ္စည်းတွေပါ အခိုးခံနေရတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ စျေးရောင်းဖို့ ခင်းထားတဲ့ ကုန်ပစ္စည်းတွေ အထုတ်လိုက် အခိုးခံနေရပြီး ပြန်ရတယ်လည်း မကြားမိကြောင်း မြို့ခံက မြို့ပေါ်မှာ သူခိုးတွေသောင်းကျန်းနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့မှာ တန်ဘိုးကြီးပစ္စည်းတွေအပြင် ကုန်ပစ္စည်းတွေပါ အခိုးခံနေရတာကို ရဲနဲ့ စစ်တပ်ကို တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သိန်း ၅၀တန် ဖုန်းအခိုးခံရတာကို ၅သိန်းနဲ့ ပြန်ရွေးယူရတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ ဆိုင်ကယ်ရပ်တဲ့ စျေးပေါက်နဲ့ စျေးဆိုင်နဲ့ အသွားပြန် ၅မိနစ်ကိုမကြာဘူး။ ပြန်ထွက်တော့ ဆိုင်ကယ်ကမရှိတော့ဘူး။ ရဲစခန်းသွားတိုင်တော့လည်း နောက်ရက်မှ လာခဲ့။ နောက်ကျတော့လည်း စုံစမ်းနေတယ်လို့ပဲပြောတယ်။ ဘာမှလုပ်မပေးဘူး” လို့ ကလစ်ဆိုင်ကယ်ပျောက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ