ဇန်နဝါရီ-၆၊ ၂၀၂၆ မေရီ/People’s Spring
မန္တလေးမြို့မှာ အခုလဆန်းရက်ပိုင်းမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်စတင်နေပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၅ ရက် ည ၁၁နာရီခွဲခန့်က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲရပ်၊ အကွက် (၁)ရပ်က ကျူးမြေမှာနေထိုင်တဲ့ အသက်(၂၅) ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of MDY အဖွဲ့က အသိပေးပါတယ်။
အလားတူ မနေ့ ဇန်နဝါရီ ၅ရက် ည ၁၂ နာရီလောက်မှာ ပုသိမ်ကြီးမြို့နယ်၊ ဝင်းခြံကျေးရွာက အမျိုးသား ၅ ဦးကို စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားပြီး တစ်ဦးကို ကျပ် သိန်း ၃၀ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောထားကြောင်း Voice Of MDY အဖွဲ့က ထပ်မံအသိပေးပါတယ်။

Public Service Announcement
ပေါ်တာဆွဲဖမ်းဆီးမှုတွေဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ည ၇ နာရီလောက်ရှိသေးတယ်။ လမ်းထိပ်ဖုန်းသုံးနေတဲ့ကလေးကို ဝင်ဆွဲသွားတာ”လို့ ပြည်ကြီးတံခွန်မြို့နယ်က လုံခြုံရေးအရ ရပ်ကွက်အမည်မပြောလိုတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် သတင်းမပျံ့ဘဲ လူမသိသူမသိ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေလည်း အများအပြား ရှိနေကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုဝင်တွေဟာ ပြည်သူတွေဆီက စစ်မှုထမ်းကြေးကိုလည်း လစဥ်ကောက်ခံကာ ရယူနေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ အဓမ္မဖမ်းဆီးသွားတဲ့ လူငယ်တွေနဲ့ စစ်သင်တန်း အပတ်စဥ် (၂၀)ကို ဒီဇင်ဘာလအတွင်းက စတင်နေပြီဖြစ်ပါတယ်။


















































