ဇန်နဝါရီ-၇ ၊၂၀၂၆။မိုမို/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်က စစ်ကောင်စီ ဝန်ထမ်းအိမ်ယာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
မနေ့က(ဇန်နဝါရီ ၆ ရက်)မှာ စစ်ကောင်စီဝန်ထမ်းအိမ်ယာဝင်းထဲက စစ်ကောင်စီတပ်သားတွေရဲ့ ယူနီဖောင်းတွေနဲ့ ကျည်ကာအင်္ကျီတွေကို မီးရှို့ဖျက်ဆီးနေချိန် စစ်တပ်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ ဝန်ထမ်းအိမ်ယာက မြို့အစွန်မှာ ။တောင်သာဘူတာအနီးမှာ ရှိတာ။အမြဲတမ်းတော့ မစွဲဘူး။တခါတရံရှိတာ” လို့ မြင်းခြံခရိုင်းတပ်ရင်း(၃)တာဝန်ရှိသူက တိုက်ခိုက်ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ အသိပေးပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)က အသိပေးပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဇန်နဝါရီ ၆ရက်မှာ မြင်းခြံမြို့နယ်က လေးအိမ်တန်းကျေးရွာက စစ်တပ်ရဲ့ ရွှေညောင်ပင်ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိပြီး စစ်သုံ့ပန်းနှစ်ဦး ဖမ်းမိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၂) က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၂၁ရက်ကလည်း တောင်သာမြို့နယ်က ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ပြီးခဲ့နှစ် နှစ်လယ်ပိုင်းက မြင်းခြံခရိုင်စစ်ဆင်ရေးအနေနဲ့ မြင်းခြံ၊နွားထိုးကြီး နဲ့ ငါးဇွန်မြို့နယ်က စစ်ကောင်စီဂိတ်စခန်း၊ရဲစခန်းတွေနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲရာ ဂတ်စ်ပိုက်လိုင်း နေရာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က တောင်သာမြို့နယ်ကို မိတ္ထီလာအခြေစိုက်တပ်မ(၉၉) တပ်ရင်းတွေအပါအဝင် စစ်မှုထမ်းအင်အားတွေအသုံးပြုပြီး စစ်ကြောင်းထိုး အင်အားဖြည့်ထားပါတယ်။

















































