ဇန်နဝါရီ-၇၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အရပ်သား ၁၃၃ဦး သေဆုံးကာ ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ ဇန်နဝါရီ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

KHRWက ၂၀၂၅အတွင်း အရပ်သား ပြည် သူများအား အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရမှုဆိုင်ရာ နှစ်စဉ် စာစောင်ကို ထုတ်ပြန်ခဲ့ရာ ကောက်ယူထားတဲ့ အချက်အလက် စာရင်းဇယားတွေအရ ၂၀၂၅ အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေမှာ – မတရားဖမ်းဆီးခံရသူ ၁၇ ဦး၊ သေဆုံးသူ ၁၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၇ ဦး ရှိခဲ့ဟု အသိပေးထားပါတယ်။
” မြေပြင်အခြေအနေအရတော့ ပိုပြီးမှ သေဆုံးမှုတွေ ထိခိုက်မှုတွေ ပိုပြီးမှ များနိုင်ပါတယ်။ ကျနော်တို့ကတော့ လက်လှမ်းမီသလောက် ကောက် ထားခြင်းဖြစ်ပါတယ်”လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
” စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ ပြည်သူတွေ နေတဲ့နေရာကို ဦးတည်တိုက်ခိုက်တာကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ KHRW အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်” လို့လည်း ကိုဂျေကော့က ပြောပါတယ်။
ကျူးလွန်သူတွေကို နိုင်ငံတကာ တရားဥပဒေ ရှေ့မှောက်ရောက်တဲ့အထိ ထိရောက်စွာ အရေးယူနိုင်ဖို့ ခိုင်လုံတဲ့ သက်သေတွေနဲ့တကွ ဆက်လက်ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၂၅အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူလူထု အစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတာကိုလည်း အသိပေးထားပါတယ်။ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၅ အတွင်း ကချင်ပြည်နယ်မှာ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရမှု ဖြစ်စဉ် ၅ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅ ဇန်နဝါရီက တနိုင်းမြို့နယ် ကစန်လွန်ရွှေမှော်ကို လေကြောင်း ဗုံးကြဲခဲ့လို့ အရပ်သား ၁၅ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီ လမှာလည်း မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ကို စစ်တပ် လေကြောင်း ဗုံးကြဲလို့ ကလေးငယ် ၃ဦး အပါအဝင် ၇ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ၂၀၂၅ မတ်လမှာ ဗန်းမော်မြို့တွင်း ပိတ်မိနေတဲ့ စစ်ရှောင်နေထိုင်ရာ နေရာကို လေကြောင်းဗုံးကြဲခဲ့လို့ ပြည်သူ ၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နလ ၇ရက်မှာလည်း ဖားကန့်မြို့နယ် လုံးခင်းဒေသကို စစ်တပ် ဒရုန်းနဲ့ တိုက်ခိုက်လို့ အရပ်သား ၉ဦး သေဆုံးခဲ့ရသလို စက်တင်ဘာ ၂၉ရက် ကလည်း ဝိုင်းမော်မြို့နယ် ဆဒုံးဒေသကို စစ်တပ် လေကြောင်း တိုက်ခိုက်လို့ ပြည်သူ ၈ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း KHRWက ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူတွေအစုလိုက်၊ အပြုံလိုက်သေဆုံးခဲ့ရတဲ့ လေကြောင်း တိုက်ခိုက်မှု ပေါင်းများစွာကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
“ကချင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးက မိဘပြည်သူတွေအနေနဲ့ လက်ရှိ အချိန်ကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ပြီး သတိရှိရှိ နေထိုင်သွားကြဖို့တိုက်တွန်းလိုပါတယ်”လို့လည်း KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။
စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ မတော်တဆ မဟုတ်ဘဲ စနစ်တကျ ကြိုတင်စီစဉ်ထားတဲ့ လုပ်ရပ်တွေဖြစ်ကြောင်း KHRWက ထုတ်ပြန်ခဲ့ပြီး စစ်တပ်ရဲ့ ဒီလို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်း ပြုလုပ်ဖို့ အရေးကြီးကြောင်းဖော်ပြထားပါတယ်။ တရားမျှတမှု ရရှိရေးနဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် ကို အဆုံးသတ်ရေးကသာ ပြည်သူလူထုရဲ့ အသတ်အိုးအိမ် လုံခြုံရေးအတွက် တခုတည်းသော အဖြေဖြစ်ကြောင်းလည်း KHRWက ထုတ်ပြန်ထားပါတယ်။


















































