Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်တွေပိတ်ဆို့တိုက်ခိုက်နေတဲ့ ဆင်ကော်တပ်စခန်းကို စစ်တပ်က အင်အား ၅၀၀ခန့်နဲ့ ထိုးစစ်ဆင်လာ

တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ သရက်မြို့နယ်က ဆင်ကော်တပ်စခန်းကို စစ်တပ်က အင်အား ၅၀၀ခန့်နဲ့ ထိုးစစ်ဆင်လာတယ်လို့ သရက်ခရိုင်တပ်ရင်း(၄)တာဝန်ရှိသူက ပြောပါတယ်။

သရက်ခရိုင်အတွင်းက လမ်းပိုင်းတွေမှာ စစ်ရေးနဲ့ လုံခြုံရေးအရ စစ်ဆေးတာတွေလုပ်နေတဲ့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော်တွေ။ ဓာတ်ပုံ - သရက်ခရိုင် အမှတ် - ၄ တပ်ရင်း

ဇန်နဝါရီ-၇၊၂၀၂၆။ ဇော်ဝင်း/People’s Spring

တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ မကွေးတိုင်း၊ သရက်မြို့နယ်က ဆင်ကော်တပ်စခန်းကို စစ်တပ်က အင်အား ၅၀၀ခန့်နဲ့ ထိုးစစ်ဆင်လာတယ်လို့ သရက်ခရိုင်တပ်ရင်း(၄)တာဝန်ရှိသူက ပြောပါတယ်။

ဆင်ကော်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကစပြီး အခုဇန်နဝါရီ ၆ ရက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ကာမီကာဇေ ဒရုန်း(၂)စီး ဖျက်ဆီးထားကာ စစ်ကောင်စီတပ်သား ငါးဦး ခန့် သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ဦးခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဆင်ကော်စခန်းက သရက်နယ်ထဲမှာပါတယ်။ကံမနဲ့လည်း ဆက်စပ်ပေါ့။ ကပစ(၁၂)နဲ့ က (၁၀)မိုင် အလွန်ဆုံး (၁၂)မိုင် ပဲဝေးတယ်။ဒါကြောင့်လည်း သူတို့အလေးထားတယ်။လက်ရှိအခြေအနေကလည်း စစ်ကူပေးနိုင်ဖို့အတွက်သူတို့ကြိုးစားနေကြတာပေါ့”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဆင်ကော်တပ်စခန်းက တပ်သားတွေဟာ အခိုင်အမာပြုလုပ်ထားတဲ့ဘန်ကာတွေ၊ လှိုင်ခေါင်းတွေထဲ ပုန်းခိုပြီး ကပစ(၁၂)မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းက ကာမီကာဇေဒရုန်းတွေ၊တိုက်ခိုက်ရေးဒရုန်းတွေ နဲ့ အကြိမ်ကြိမ်ပစ်ကူပေးပြီး ခုခံနေတယ်လို့ သိရပါတယ်။

အဲဒါအပြင် စစ်ကူဖို့ထွက်လာတဲ့ ကပစ(၁၂)ကနေ အင်အား ၆၀ပါတဲ့ သံပြားကာ ကား(၂)စီးအနက် တစ်စီးဟာ သရက်မြို့နယ် စက်တောင်ကျေးရွာအနီးမှာ အရှိန်လွန်တိမ်းမှောက်ပြီး ဒဏ်ရာရသူတွေများတာကြောင့် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ဆင်ကော်ရဲစခန်းအားစစ်ကူပေးနိုင်ဖို့ စစ်ကြောင်းထိုးလာခဲ့တဲ့ သရက်ရဲစခန်းမှူး တင်အောင်မိုး ဦးဆောင်တဲ့ အင်အား(၅၀) ခန့်ဟာ အောက်မမြင့်ကျေးရွာမှာလက်ရှိ တပ်စွဲထားပါတယ်။

အခု ဇန်နဝါရီ ၃ ရက်က ကပစ (၁၂)ကနေ ကားသုံးစီးနဲ့ အင်အား ၁၀၀ခန့်ပါတဲ့ နောက်ထပ်စစ်ကူစစ်ကြောင်းကို မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးမှာ ဖြတ်တောက်ရေးအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကားနှစ်စီး မိုင်းထိမှန်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနိုင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၅ ရက်က အောင်လံမြို့နယ်ကနေ စစ်တပ်က အင်အား ၂၀၀နီးပါးနဲ့ သရက်-မင်းတုန်းလမ်းပိုင်းအနီးက ကျောက်ကြီးကျေးရွာ နဲ့ ညောင်ကြပ်ကျေးရွာကြား တလျှောက် ရောက်လာတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ဆင်ကော်ရဲစခန်းကို စစ်ကူပေးနိုင်ရေးနဲ့ ရွေး ကောက်ပွဲ နယ်မြေထိန်း ချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သရက်ခရိုင်တပ်ရင်း(၄)တာဝန်ရှိသူက သုံးသပ်ပါတယ်။

လက်ရှိ စစ်ရေးအခြေအနေကြောင့် ဒေသတွင်းပြည်သူတွေ သတိပြုသွားလာနေထိုင်ဖို့လည်း သတိပေး တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ