■ပြင်းအား ရစ်ခ်တာစကေး ၄ ဒသမ ၅ ရှိကြောင်းထိုင်းမိုးဇလထုတ်ပြန်
ဇန်နဝါရီ၈၊၂၀၂၆။မေရီ၊အိမ်သွင်/People’s Spring
မန္တလေးမြို့မှာ ဒီကနေ့ညမှာ သိသာတဲ့ ငလျင်ငယ်တစ်ခုလှုပ်ခတ်သွားပြီး အဆောက်အအုံတွေထဲကနေ ထွက်ပြေးခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၈ ရက် ည ၉ နာရီ ၂၆ မိနစ်ခန့်က မန္တလေးမြို့ပေါ်မှာ ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားခဲ့ကာ အင်အားအသင့်တင့်ရှိတာကြောင့် နေအိမ်တိုက်တာတွေထဲကနေ ထွက်ပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“အမရပူရ ငလျင်ပြင်းတယ်ဗျို့။အချိန်နည်းလို့သာ မဟုတ်ရင်ပြိုလောက်တယ်။ နောက်ထပ်တစ်မိနစ်ခြား တခါထပ်လှုပ်အသံကျယ်တယ်။”လို့ အမရပူရမြို့ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ငလျင်မလှုပ်ခင်အသံတွေအရင်ကြားရပြီးတောင်မြောင်လှုပ်ယမ်းသွားတာလို့ဒေသခံအချို့ကပြောပါတယ် ။
မန္တလေးမြို့အပြင် ပြင်ဦးလွင်၊ စစ်ကိုင်း၊ကျောက်ဆည်အစရှိတဲ့ဒေသတွေမှာပါ သိသိသာသာလှုပ်ခတ်သွားကြောင်း သိရပါတယ်။
ယခုညလှုပ်ခတ်သွားတဲ့ငလျင်နဲ့ပတ်သက်ပြီးထိုင်းမိုးဇလ(TMD)ကရစ်ခ်တာစကေး ၄ ဒဿမ၅ အဆင့်နဲ့ လှုပ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။ မြေအနက် ၁၀ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုလှုပ်သွားတာမို့ ဇောက်တိမ်ငလျင်ဖြစ်ပါတယ်။ဇောက်တိမ်ငလျင်တွေက မြေပြင်နဲ့ပိုနီးလို့ ပိုပြီးဖျက်အားပြင်းပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီိမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း မန္တလေးတိုင်း၊ မန္တလေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၅အဆင့် အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မန္တလေးမြို့မှာ ၂၀၂၅ မတ်လ ၂၈ ရက်ကအင်အားပြင်း ငလျင်ကြီးလှုပ်ခဲ့တာ ၉ လကျော်ခဲ့ပြီဖြစ်ပေမဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ အဆိုပါငလျင်ငယ်တွေကြောင့် အဆောက်အဦးပြိုကျတာ၊ ပြည်သူသေဆုံးတာတွေရှိနေဆဲဖြစ်ပါတယ်။
ရစ်ခ်တာစကေး ၇ဒဿမ၇အဆင့်ငလျင် လှုပ်ပြီးနောက်ပိုင်း မန္တလေးမြို့နယ်အနီးပတ်ဝန်းကျင်မှာ နောက်ဆက်တွဲငလျင် အကြိမ်ရေ ရာချီလှုပ်ခဲ့ပါတယ်။ ယခုရက်ပိုင်းမှာရစ်ခ်တာစကေး ၄ နဲ့ ၅ကြားငလျင်တွေ ပိုမိုလှုပ်ရှားနေပါတယ်။


















































