■ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေး တက်ကြွစွာတိုက်ပွဲဝင်သွားမယ်လို့ထပ်လောင်း အသိပေး
ဇန်နဝါရီ ၈၊ ၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)က စည်းမျဉ်းစည်းကမ်းတွေ အကြိမ်ကြိမ် ချိုးဖောက်ခဲ့လို့ အဖွဲ့က ထုတ်ပယ်ခံထားရတဲ့ စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA) ရဲ့ ကော်သူးလေနိုင်ငံ တည်ထောင်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာမှုဟာ ကရင်အမျိုးသား တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှု မရှိသလို ပကတိအရှိတရားတွေနဲ့ လျှော်ညီမှု မရှိကြောင်း KNUက ကြေညာချက် ထုတ်ပြန်ပါတယ်။
တဆက်တည်းဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆက်လက်တိုက်ပွဲဝင်မယ်လို့ လည်း KNU ကဖော်ပြပါတယ်။

Public Service Announcement
ဇန်နဝါရီ ၅ရက်မှာဗိုလ်စောနယ်ဒါးမြရဲ့ KTLAက ကော်သူးလေအစိုးရ(Government of Kawthoolei) ကို ဖွဲ့စည်းပြီး ကော်သူးလေထူထောင်ကြောင်းနဲ့ ကော်သူးလေလွတ်လပ်ရေးနေ့ကို ကြေညာခဲ့တာတွေဟာ KNUနဲ့ လုံး၀ ပတ်သက်မှုမရှိကြောင်း ဇန်နဝါရီ ၈ ရက်မှာထုတ်ပြန်ကြေညာခဲ့တာပါ။
စောနယ်ဒါးမြဟာစစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့အပြင် KNU ရဲ့စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့လို့ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှာ ၎င်းအား ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO)ရဲ့ စစ်ဦးစီးချုပ် ရာထူးမှရပ်စဲပြီး KNU မှ ထုတ်ပယ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ဒါအပြင် နယ်ဒါးမြဟာ၂၀၂၂ ခုနှစ် ဇူလိုင်မှာKTLA အမည်နဲ့ ခွဲထွက်အဖွဲ့ ထူထောင်တာဟာလည်း KNUနဲ့ ပတ်သက်မှုမရှိကြောင်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။
“၎င်းတို့၏ လုပ်ဆောင်ချက်များသည် မိမိတို့ ကရင်အမျိုးသား တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှု မရှိသလိုပကတိအရှိတရားများနှင့်လည်း လျော်ညီမှုမရှိပါ။မိမိတို့ မျှော်မှန်းတည်ဆောက်နေသည့် တိုင်းပြည် တည်ဆောက်ခြင်း (Nation Building) ဆိုင်ရာ စံတန်ဖိုးများ၊ စံနှုန်းများနှင့်လည်းကိုက်ညီမှုမရှိသောကြောင့်၎င်းတို့၏ လုပ်ရပ်သည် “ ကော်သူးလေ” ဟူသော အမည်နာမကို အလွဲသုံးစား လုပ်၍ ကရင့်တော်လှန်ရေး နှင့် ကရင် အမျိုးသားများ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်” လို့ KNUက ထုတ်ပြန်ကြေညာပါတယ်။
စောနယ်ဒါးမြနဲ့ KTLA ရဲ့အခုလို လုပ်ရပ်ဟာ ထင်ရာစွတ်လုပ်တဲ့ဖြစ်သလို လက်တွေ့မကျ စိတ်ကူးယဉ်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့KNUသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ကရင်အမျိုးသားတွေရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။
“တကယ့် အသိတရားရှိတဲ့သူ နိုင်ငံရေးအသိရှိတဲ့သူက အထင်မှားစရာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်နိုင်တဲ့ဟာမှမဟုတ်ဘဲ။မဖြစ်နိုင်ဘူးလေ။ နိုင်ငံတကာကလည်းသူ့ကိုအသိအမှတ်မပြုတာ။ နောက်ကရင်လူထုထဲမှာလည်းသူ့ကို ထောက်ခံတဲ့သူမရှိဘူး။ သူတို့ တပ်အင်အားလည်း မရှိဘူး။ နယ်မြေလည်းမရှိဘူး” လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်မှာလည်း KNUဟာ ခရိုင်(၇)ခု နယ်မြေအတွင်း KNU ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ၄ နှစ်တစ်ကြိမ် (အရေးပေါ် အခြေအနေများမှလွဲ၍) ခရိုင်နဲ့ ဗဟိုအဆင့်ကွန်ကရက်တွေကို ပုံမှန်ကျင်းပလာခဲ့ပြီး ခရိုင်နဲ့ ဗဟိုအဆင့် နိုင်ငံရေးနဲ့အုပ်ချုပ်ရေးခေါင်းဆောင်တွေကို ရွေးချယ်ပြီးအုပ်ချုပ်ရေး၊လူထုဝန်ဆောင်မှု၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ကြောင်းဖော်ပြပါတယ်။
ဒ့ါအပြင် ဘုံရပ်တည်ချက်နဲ့ရည်မှန်းချက်တူ တော်လှန်အရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဆယ်စုနှစ်များစွာ စစ်အာဏာရှင်စနစ်အပါအဝင်၊ မည်သည့် အာဏာရှင်စနစ်ကိုမဆို ခုခံတော်လှန်နေတဲ့ အဖွဲ့အစည်းကြောင်း KNUက ထပ်လောင်း အသိပေးပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျဉ်းတွေနဲ့အညီ KNU အနေနဲ့ ကျား/မ၊ လူမျိုးဘာသာမရွေး ပိုမိုကိုယ်စားပြုမှု၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီစံနှုန်းနဲ့ညီသော ကော်သူလေးပြည် သို့မဟုတ် ကော်သူးလေဖက်ဒရယ်ယူနစ် တစ်ခုကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတာကို သံတမန်တွေ၊ အများပြည်သူနဲ့ သတင်းမီဒီယာတွေကို အသိပေးထားပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
KNU အနေနဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင် စုအားကောင်းရေး (Bottom-up Federalism) မူ အတိုင်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရန်အတွက် အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့အတူ လက်တွဲလုပ်ဆောင်မယ်လို့ ကြေညာခဲ့တဲ့အတိုင်း ဆက်လက်ပြီး တက်ကြွစွာ တိုက်ပွဲဝင်သွားမယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
KNUရဲ့ထုတ်ပြန်ချက်ကို မြန်မာ ၊ကရင်၊ထိုင်း ၊အဂ်လိပ် လေးဘာသာနဲ့ထုတ်ပြန်ခဲ့ပါတယ် ။
ထင်ရှားတဲ့ထိုင်းလွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ကန်နာဗီ ဆူယက်ဘ်ဆန်ကလည်း KTLA ရဲ့ ကော်သူးလေတည်ထောင်ခြင်း ကြေညာချက်နှင့် ထိုင်းအစိုးရရဲ့အမှားတွေဆိုပြီး ဒီကညနေမှာ ပို့စ်ရေးသားခဲ့ပါတယ် ။ ကော်သူးလေ တည်ထောင်ကြောင်း ကြေညာခဲ့တဲ့သတင်းဟာ ထိုင်းပြည်သူတွေ စိတ်ဝင်စားတဲ့သတင်းဖြစ်လာခဲ့သလို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာ့ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း မီဒီယာများကို ဖြေကြားခဲ့ပါတယ်။ဒါပေမယ့်ထိုင်းအစိုးရရဲ့ အတွင်းကျကျ သိမြင်အားနည်းမှုကြောင့် မြန်မာ့အရေးကို မှားယွင်းစွာ သုံးသပ်မိရင် ထိုင်းနိုင်ငံအပေါ် သက်ရောက်လာမယ်အခြေအနေများကို ရင်ဆိုင်ရာမှာအမှားအယွင်းများ ဖြစ်ပေါ်စေနိုင်တယ်လို့သတိပေးထားပါတယ်။
နယ်ဒါးမြ ဦးဆောင်တဲ့ KTLAရဲ့ကော်သူးလေ
တည်ထောင်တယ်ဆိုတဲ့ သတင်းအပေါ် ထိုင်းအစိုးရ ကိုယ်စားလှယ်တွေရဲ့ဖြေကြားချက်ကို ကြည့်ရင် မသိနားမလည်မှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်လို့ဆိုပါတယ်။ထိုင်းလူမှုအဖွဲ့အစည်းအတွင်းကော်သူးလေတည်ထောင်ခြင်းဟာထိုင်းနယ်စပ်အပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကို စိုးရိမ်မှုတွေရှိနေပါတယ်။
ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့များစွာ ရှိပြီး နယ်ဒါးမြ ဦးဆောင်တဲ့KTLA ဟာ ကရင်လက်နက်ကိုင်အဖွဲ့အားလုံးထဲမှာအသေးဆုံးအဖွဲ့ပင် ဖြစ်နိုင်ပါပါတယ်။ ကရင်လက်နက်ကိုင်များထဲတွင် အကြီးဆုံးအဖွဲ့မှာ KNU (ကရင်အမျိုးသားအစည်းအရုံး) ဖြစ်ပါတယ် ။ ဒါ့အပြင် DKBA နဲ့ BGF တို့လည်း ရှိပါတယ် ။ မြန်မာ့နိုင်ငံရေးပြဿနာဟာ အလွန်ရှုပ်ထွေးပြီး ထိုင်းနိုင်ငံဟာပထဝီဝင်အနေအထားနဲ့ နယ်မြေသမိုင်းကြောင်းအရ မြန်မာ့ငြိမ်းချမ်းရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကပါဝင်သင့်တယ်လို့တိုက်တွန်းရေးသားထားပါတယ်။
မြန်မာ့နိိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံအပေါ် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ကတည်းက တိုက်ရိုက်သက်ရောက်မှုတွေ ခံစားခဲ့ရပါတယ်။
တကယ်လိုထိုင်းကဆက်လက်နှုတ်ဆိတ်နေပြီး၊ ဗဟုသုတ နည်းပါးနေတဲ့ ထိုင်းနိုင်ငံရဲ့လက်ရှိသံတမန်ရေးရာ ရပ်တည်ချက်ကို မပြောင်းလဲပါက ၂,၄၀၁ ကီလိုမီတာ ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ နှစ်နိုင်ငံပြည်သူတွေရဲ့ဘဝအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုများ ခံရမယ်လို့သတိပေးထားပါတယ်။
ဒီလိုမဟုတ်ပဲစနစ်တကျ စီမံဆောင်ရွက်နိုင်ပါက နယ်စပ်က ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်မှာဖြစ်ပြီး၊ နယ်စပ်စီးပွားရေး ဖွံ့ဖြိုးလာမယ်လို့လည်းဆိုပါတယ် ။ဒါကြောင့်ထိုင်းဟာ နယ်စပ်အကျပ်အတည်းကို နိုင်ငံနဲ့ ပြည်သူတတွေရဲ့အကျိုးစီးပွားအတွက် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပြောင်းလဲပစ်ရမယ်လို့ထိုင်းလွှတ်တော်အမတ်ကတိုက်ထွန်းထားတာပါ။

















































