ဇန်နဝါရီ-၈၊၂၀၂၅။အိမ်သွင်/People’s Spring
ပဲခူးတိုင်းအနောက်ခြမ်းက မြိုနယ်လေးခုမှာမနေ့က ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်အထိတာခဲ့ပြီးနောက်ဒီကနေ့မှာ အင်အားတွေပြန်ဖြည့်နေတယ်လို့ PDF တပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။
သာယာဝတီ ခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ် နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဇန်နဝါရီလ ၇ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
“ စစ်တပ်ဘက်မှာအရာရှိတွေလည်းသေဆုံးတယ်။ ထိခိုက်သေဆုံးမှုများတယ်။ဒီနေ့ကျတော့ကျတော်တို့ဘက်ကငြိမ်ထားတယ်။စစ်တပ်ကအင်အားတွေ ဆက်တိုက်ဖြည့်နေတယ်” လို့ မနေ့က တိုက်ပွဲဝင်ခဲ့တဲ့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement
မြို့နယ်လေးခုမှာမနေ့ကတိုက်ပွဲဖြစ်ဖြစ်ချင်း စစ်တပ်ကမှော်ဘီနဲ့တောင်ငူလေတပ်ကတိုက်လေယာဉ်တွေ ဆက်တိုက်တက်ပြီး ဗုံးကြဲခဲ့ပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့သတင်းကို ရက်နည်းငယ်အကြာမှ ထုတ်ပြန်မယ်လို့ သာယာဝတီခရိုင်ထဲက တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။
စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေကိုသတင်းရရှိထားပေမယ့် တရားဝင်ထုတ်ပြန်ချက်မှာ ပြည်သူလူထုကို အသိပေးမယ်လို့သိရပါတယ်။
မင်းလှမြို့နယ်ထဲမှာပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဇွန်လ၁၆ရက် နဲ့ ၁၇ရက်က တိုက်ပွဲတွေမှာလည်း သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း ၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးမင်းဦး ၊သာယာ၀တီခရိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင(၁) ဗိုလ်မှူးရန်နိုင်အောင်တို့ သေဆုံးခဲ့ကြပါတယ်။
ဇန်နဝါရီ ၇ ရက်စစ်ဆင်ရေးမှာသာယာဝတီခရိုင်နဲ့နတ်တလင်းခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ပဲခူးတိုင်းမှာ ဒီဇင်ဘာလနှောင်းပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

















































