ဇန်နဝါရီ-၈၊ ၂၀၂၆။ ဟန်နွေ/People’s Spring
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရက်ပေါင်း ၅၀အတွင်း တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အရာရှိတွေ အပါအဝင် အများအပြား သေဆုံးခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျဆုံးထိခိုက်ရှိခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ လောင်းလုံးမြို့ပေါ်ကတဆင့် လောင်းလုံမြို့နယ် ညင်းမော် ကျေးရွာဖက် စစ်ကြောင်းထိုးလာလို့ နိုဝင်ဘာ ၁၀ရက်ကနေ ဒီဇင်ဘာ ၂၈အတွင်း ရက်ပေါင်း ၅၀အတွင်း တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DDT DNLA ဒူရကစစ်ကြောင်း၊နွေဦးပြောက်ကျားတပ်ဖွဲ့၊ Guerrilla Daweiထားဝယ်မြို့ပြပြောက်ကျား တပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ(၇)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement
တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၃ဦး ကျဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။
တိုက်ပွဲတွေမှာ အထိနာတဲ့ စစ်ကောင်စီတပ်က ကြည်း၊ရေ၊လေ ပစ်ကူအပြင် ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီးပစ်ကူအမျိုးမျိုးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၇လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း အသိပေးပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ၂၀၂၅ အောက်တိုဘာ နောက်ဆုံးပတ်မှာ လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မောင်းမကန် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးကာ လက်နက်မျိုးစုံ ၂၁လက်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။
မောင်းမကန်ရဲစခန်း အသိမ်းမခံရမီကလည်း မောင်းမကန်ကနေ ကရင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးတဲ့ အင်အား ၇၀ကျော်ပါ စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင် တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၂၁ရက်နဲ့ ၂၂ရက်မှာ ကရင်ကြီးရွာနဲ့ ကမ်းပနီရွာတွေမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။
မောင်မကန်ရဲစခန်သိမ်းခံရနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ဒုတိယပတ်မှာ လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးမှု ဆက်လုပ်ဆောင်ခဲ့ရာ တလခွဲကျော်အတွင်း တော်လှန်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လတ်တလော လောင်းလုံမြို့နယ် စစ်ရေး အခြေအနေတွေနဲ့ စစ်ကောင်စီ စစ်ကြောင်းရဲ့ အခြေအနေတွေကို မေးမြန်းဖို့ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။


















































