Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် စစ်ရှောင်နေရာကို နှစ်ရက်ဆက် ဗုံးကြဲလို့ ၄ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတော ကျေးရွာအနီးရှိ စစ်ရှောင်တွေနေထိုင်တဲ့ မကျည်းစုတောတိုက်ကို စစ်တပ်က နှစ်ရက်ဆက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ-၈၊ ၂၀၂၆။ အလင်္ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတော ကျေးရွာအနီးရှိ စစ်ရှောင်တွေနေထိုင်တဲ့ မကျည်းစုတောတိုက်ကို စစ်တပ်က နှစ်ရက်ဆက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရကာ နေအိမ် ၃၀ ကျော်၊ ဆိုင်ကယ် ၈ စီးနဲ့ ကား ၁ စီးတို့ မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကျည်းစုတောတိုက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၆ရက် ညသန်းခေါင်ကျော်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ တစ်ကြိမ်၊ ဇန်နဝါရီ ၇ ရက် မနေ့က နေ့လယ် ၁ နာရီ ၃၀ မိနစ်နဲ့ ၃၅မိနစ်တို့မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ စစ်ရှောင်တွေထဲမှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဗုံးချပြီး တဲအိမ်တွေ မီးလောင်တာ၊ ထန်းရွက်တဲတွေဆိုတော့ ခဏအတွင်း တန်းလောင်သွားတာ၊ ဘာတစ်ခုမှ မယူနိုင်ဘူး”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

မကျည်းစုတောတိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ အာဏာသိမ်းစစ်တပ်က ညနဲ့ နေ့ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာဖြစ်ပြီး ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲပြီးချိန်မှာ နောက်တစ်စီးက ရှော့ကတ်၊ စက်လက်တို့နဲ့ ပစ်ခတ်လို့ စစ်ရှောင် ၄ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ညကဗုံးကြဲထားလို့ မနက်ထဲက နေရာရွှေ့နေကြတာ၊ နေ့လယ်ပိုင်း အနည်းကျဥ်းပဲ ကျန်တော့တာ”လို့ စစ်ရှောင်က ပြောပါတယ်။

မကျည်းစုတောတိုက်စစ်ရှောင်စခန်းဟာ တည်သီးတော၊ ဇီးဖြူကုန်း၊ သီးလုံးကျေးရွာတို့က စစ်ရှောင်တွေနဲ့ အခြားဒေသက စစ်ရှောင်တွေ နေထိုင််ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်းကလည်း မကျည်းစုတောတိုက် စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ