Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကို PDF တွေသိမ်းပိုက်

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့(ခ)အောင်မြင်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၉၊ ၂၀၂၆။ ဒလပန်း/People’s Spring

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့(ခ)အောင်မြင်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၈ ရက် မနေ့ ညပိုင်း ၁၀နာရီဝန်းကျင်ကစပြီး တောကျွဲအင်းမြို့ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

“ ရဲစခန်းရယ် ဘူတာရယ် သူတို့တပ်စွဲထားတဲ့ မြို့ပေါ်က နေရာအကုန်တိုက်ခံရတာ။ မြို့ရဲ့ နေရာအကုန်လုံးသိမ်းလိုက်တာပေါ့“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံနေရချိန်နဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပဲနွယ်ကုန်းမြို့ ရွှေဝါကျေးရွာအခြေစိုက် အမှတ်(၃၀၇)ခြေမြန်တပ်ရင်း(ခမရ ၃၀၇)က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို တောက်လျှောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောကျွဲအင်းမြို့နဲ့ ခမရ ၃၀၇ တို့ဟာ နှစ်မိုင်ခန့်သာ ကွာဝေးပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေလည်း လာရောက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့ ဒီနေ့မနက်ပိုင်းအထိ ရထားလမ်းနဲ့ ကားလမ်းတွေအားလုံးကို ဖြတ်သန်းသွားလာခွင့် ယာယီရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက်၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PDFတွေက ဇန်နဝါရီ ၇ရက် မနက်အစောပိုင်းမှာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ