Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄) လယ်ဒိုစိုးမြို့နယ်ဌာနချုပ်ကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ် တစ်ဦးသေဆုံး၊ ၉ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေအတွင်းရှိ KNU လယ်ဒိုစိုးမြို့နယ် ဌာနချုပ်နေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး သေဆုံးကာ အရပ်သား ၉ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

တပ်မဟာ(၃)နယ်မြေကိုလည်း ဗုံးကြဲလို့ အဘွားအို ၂ဦးအပါအဝင် အမျိုးသမီး ၃ဦးသေဆုံး

ဇန်နဝါရီ-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေအတွင်းရှိ KNU လယ်ဒိုစိုးမြို့နယ် ဌာနချုပ်နေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး သေဆုံးကာ အရပ်သား ၉ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၁၀ရက် နေ့လည် ၁နာရီ ၄၀မိနစ်ခန့်မှာ KNUလယ်ဒိုစိုးမြို့နယ်ဌာနချုပ်ကို တိုက်လေယာဥ်နဲ့ ဗုံးကြဲလာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လယ်ဒိုစိုးမြို့နယ်ဆိုတာ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်က နယ်မြေဒေသတွေကို KNUက မြို့နယ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

” အမျိုးသမီး ၈ဦး ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသား တစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ၂နှစ်အရွယ် ကလေးငယ်တယောက်သေဆုံးတယ်ပေါ့နော်။ လယ်ဒိုစိုးမြို့နယ် ဌာနချုပ်နယ်မြေမှာ ကျေးရွာတွေရှိတာပေါ့။ အဲဒီနေရာကို သူတို့က ကလေးသူငယ် အရပ်သားတွေကို ပစ်မှတ်ထားပြီးလုပ်တာပေါ့နော်” လို့ KNU တပ်မဟာ(၄) သတင်းရင်မြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း KNU တပ်မဟာ(၃) နယ်မြေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်တာတွေရှိခဲ့ပါတယ်။

KNU ညောင်လေးပင်(ခလယ်လွီထူ)ခရိုင် မူး(မုန်း)မြို့နယ်က ပြည်သူ နေထိုင်ရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNUက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ရက်မနက်ကလည်း စစ်ကောင်စီက မုန်းမြို့နယ် လှေဒုံးကျေးရွာကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့ရာ သက်ကြီးအဘွားအို ၂ဦး အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၈ရက်မှာ စစ်ကောင်စီတပ်က မုန်းမြို့နယ် ကြိမ်ခါးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့သလို ဇန်နဝါရီ ၆ရက်မှာလည်း မုန်းမြို့နယ် ရွာသစ်ရွာကို စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပြီး အသက် ၆၂နှစ်အရွယ် အဘိုးအိုတဦး သေဆုံးခဲ့ကြောင်း အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ ထိန်းချုပ်ရာဒေသတွေမှာ အတုယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသည့်သယောင် ပြုမှုနေပေမယ့် KNU နယ်မြေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ရာ နေရာဒေတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ