အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ
ဇန်နဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်းက စိုင်ပြင်မြို့ကို ဒီကနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အရပ်သားတစ်ဦး သေဆုံးသွားပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနက် ၁၁နာရီ ၄၅ မိနစ်မှာ ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တဲ့အပြင် ဒေသခံတွေရဲ့နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement
စိုင်ပြင်မြို့ဟာ ဒီပဲယင်းမြို့နယ်မှာ ပါဝင်ပါတယ်။
ဇန်နဝါရီ ၁၁ရက် ညနေကလည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ စာသင်ကျောင်းတစ်ခုလုံး ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ဒီဇင်ဘာ ၅ရက်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာကိုလည်း စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ နေအိမ်တွေ ပျက်စီးပြီး ပြည်သူ ၁၈ဦး သေဆုံးခဲ့ပါတယ်။
ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ကနီမြို့က ဘုန်းကြီးကျောင်းနဲ့ သာသနာ့နယ်မြေကိုလည်း စစ်ကောင်စီက ဇန်နဝါရီ ၁၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်းပျက်စီးပြီး သံဃာတော် တစ်ပါး ဒဏ်ရာရခဲ့ပါတယ်။
ဒေသတွင်းမှာ လေကြောင်းအန္တရာယ် ဆက်လက်သတိပြုကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
(စိုင်ပြင်မြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – ဒီပဲယင်း ပကဖ)



















































