ဇန်နဝါရီ-၂၄၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ကောင်ဂျာရွာအုပ်စုကို စစ်တပ်ကဗုံးကြဲမှုကြောင့်ဒဏ်ရာရသူအချို့ ထပ်မံ သေဆုံးခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၃ဦး ထိရှိလာကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့(KHRW)နဲ့ ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
ဇန်နဝါရီ ၂၂ ရက်က ကောင်ဂျာရွာအုပ်စု၊ ထီးလင်းရွာကို အာဏာသိမ်းစစ်တပ်က တ်ုက်လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ လူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်ခဲ့တာဖြစ်ပါတယ်။ ရွာကလူကြီးတစ်ဦးကွယ်လွန်တာကြောင့် နာရေးအိမ်မှာ အောက်မေ့ဆုတောင်းပွဲ လုပ်နေချိန် စစ်တပ်က ဗုံးကြဲခဲ့တာဖြစ်လို့ ပွဲချင်းပြီးသေဆုံးသူ ၁၈ ဦး ဖြစ်ပြီး ဒဏ်ရာရသူ ၃၀ ကျော်ထဲက ၅ဦး ထပ်မံ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို လိုင်ဇာပြည်သူ့ဆေးရုံကို ပို့ဆောင်စဥ် လမ်းခုလတ်မှာ ၃ဦးသေဆုံးခဲ့သလို ဆေးရုံ၌ကုသမှု ခံယူနေစဉ် ၂ဦး ထပ်မံ သေဆုံးခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၂၃ ဦး ရှိခဲ့တာလို့ ကချင်အမျိုးသမီးအရေး တပ်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက အသိပေးထားပါတယ်။

Public Service Announcement
KHRWကလည်း ဆေသုံးသူ ၂၃ဦး ရှိပြီး ဒဏ်ရာရသူ ၃၀ဦး ရှိခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့မနက်မှာ ထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၂၄ရက်မနက်ပိုင်းထုတ်ပြန်တဲ့စာရင်းဟာ ဇန်နဝါရီ ၂၃ရက် ညနေပိုင်းအထိ စာရင်ဖြစ်တယ်လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။
“စိုးရိမ်ရတဲ့ သူတွေလည်း ပါနေတယ်”လို့ကိုဂျေကော့က စစ်တပ်ဗုံးကြဲလို့ ဒဏ်ရာရသူတွေရဲ့ အခြေအနေကို ပြောပြပါတယ်။
သေဆုံးဒဏ်ရာရသူတွေရဲ့အချက်အလက်အသေး စိပ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ လေကြောင်းဗုံးကြဲခံရတဲ့ ဖြစ်စဉ်မှာ နှစ်လသားအရွယ် သမီးငယ်လေးပါဝင်ပြီး သူမိဘ ၂ ဦးစလုံးကတော့ ဗုံးကြဲခံရချိန် ပွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ပါတယ်။
“စစ်ကောင်စီကပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နေပါပြီ။ နိုင်ငံတကာရဲ့အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးနေတာဟာ စစ်ကောင်စီကို လူသတ်ခွင့်လိုင်စင် ပေးထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့ အသက်များကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့အရေးယူမှုတွေကိုချက်ချင်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ”လို့KHRWပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က စစ်တပ်ကျူးလွန်နေမှုတွေကို နိုင်ငံတကာက ထိရောက်စွာ အရေးယူဖို့တိုက်တွန်းထားပါတယ်။
အာဏာသိမ်းကာလ ငါးနှစ်နီးပါးအတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၄၉၀ ကျော် ကျူးလွန်ခဲ့ရာမှာ အရပ်သား ပြည်သူ ၄,၆၈၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာဆိုရင် စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာ၊လက်နက်ကြီးဒရုန်း တိုက်ခိုက်တာတွေကြောင့်၂၀၂၅ အတွင်းမှာပဲအရပ်သား ၁၃၃ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ဒါအပြင် ၁၁၇ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က အသိပေးထားပါတယ်။


















































