Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဖားကန့်မှာ​ရွေး​ကောက်ပွဲလုပ်မယ်ဆိုပြီးမြို့အဝင်အထွက်ကိုပိတ်ကာ လက်နက်ကြီးနဲ့ပစ်ခတ်​နေ

စစ်တပ်ရွေးကောက်ပွဲအပိုင်း ၃ လုပ်တဲ့ဖားကန့်မှာ စစ်တပ်ကမြို့အဝင်အထွက်ကို ပိတ်ထားပြီးဇန်နဝါရီလ ၂၄ ရက်နဲ့ ဒီနေ့ မနက်ပိုင်းအထိ လက်နက်ကြီးနဲ့ ရမ်းပစ်နေသလို ပြင်းထန်တဲ့ပေါက်ကွဲသံတွေလည်းထွက်ပေါ်နေပါတယ်။

(၂၀၂၅ ဇူလိုင်လမှာ ဖားကန့်ကို စစ်တပ်စစ်​ကြောင်းဝင်လာစဥ်။ဓါတ်ပုံ-​ဒေသခံ)

■ပြင်းထန်တဲ့ပေါက်ကွဲသံတွေလည်းထွက်ပေါ်နေ

ဇန်နဝါရီ-၂၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်တပ်ရွေးကောက်ပွဲအပိုင်း ၃ လုပ်တဲ့ဖားကန့်မှာ စစ်တပ်ကမြို့အဝင်အထွက်ကို ပိတ်ထားပြီးဇန်နဝါရီလ ၂၄ ရက်နဲ့ ဒီနေ့ မနက်ပိုင်းအထိ လက်နက်ကြီးနဲ့ ရမ်းပစ်နေသလို ပြင်းထန်တဲ့ပေါက်ကွဲသံတွေလည်းထွက်ပေါ်နေပါတယ်။

ဖားကန့်ဟာ ဒီနေ့ ပြုလုပ်မယ့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း(၃)မှာ ပါဝင်နေတာပါ။စစ်တပ်ကဇန်နဝါရီလဆန်းကစတင်ပြီးမြို့အဝင်အထွက်တွေကို ကန့်သတ်ခဲ့တာကနေ ယမန်နေ့ကစပြီး လုံးဝပိတ်ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြို့အဝင်ပန်းတင်တံတားရောကျောက်စိမ်းတောင် တံတားကိုပါ ပိတ်ပစ်ခဲ့တာ။ ဘယ်ကိုမှသွားလို့လာလို့ မရဘူး။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်နေတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ ရွေးကောက်ပွဲနေ့မှာ အခြေအနေမကောင်းဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲတွေပြင်းပြင်းထန်ထန်မကြာခဏဖြစ်ပွားနေတဲ့ ဖားကန့်မှာ ဇန်နဝါရီလအတွင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေ၊ ဒရုန်းနဲ့ဗုံးကြဲမှုတွေ မကြာခဏပြုလုပ်နေခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲဖားကန့်မြို့ပေါ်ရဲ့နေရာအများစုမှာဝင်ရောက်တပ်စွဲခဲ့ပါတယ်။ယမန်နေ့က မြို့အဝင်အထွက်ကိုပိတ်လိုက်ပြီးနောက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုတွေပိုမိုဆိုးဝါးခဲ့ပြီး ညနက်ပိုင်း ပစ်ခတ်မှုမှာ နမ္မဖြစ်ကျေးရွာကထရန်စဖော်မာကိုထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။

ယူမှာကျေးရွာမှာတပ်စွဲထားတဲ့စစ်တပ်ကို နေ့လယ်ပိုင်းမှာ KIA၊KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိလို့ ရမ်းသမ်းပစ်ခတ်တာလို့ ဒေသခံအချို့ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပါဘူး။

ဖားကန့်မှာ မြို့ပေါ်ကိုပဲကွက်ပြီး စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး မဲရုံ ၅ရုံဖွင့်ထားပါတယ်။ဖားကန့်နဲ့သုံးမိုင်ပဲဝေးတဲ့ လုံးခင်းကျေးရွာအုပ်စုမှာတောင် ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

“မြိုနယ် တစ်ခုလုံးရဲ့ ၁၀၀ ပုံ၁ ပုံတောင် စစ်တပ်က အပြည့်အဝမထိန်းချုပ်နိုင်ပါဘူး။ ရွေးကောက်ပွဲအတုပါ။ မဲပေးဖို့စာရင်းပါတဲ့သူတွေလည်း ကြောက်နေကြတယ်။ သူတို့(စစ်ကောင်စီတပ်)ကြောင့်ပဲ မလုံခြုံတာပါ။လက်နက်ကြီးက တောက်လျှောက်ပစ်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်း ၂နာရီခန့်အထိ ပြင်းထန်တဲ့လက်နက်ကြီးပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး မနက်၇နာရီခန့်စပြီး ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လက်နက်ကြီးသံတွေ ဆူညွံပွက်လောရိုက်နေတယ်”လို့ ဒီနေ့မနက်ပိုင်းအခြေနေကိုဒေသခံတစ်ဦးကပြောပါတယ်။။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလက စစ်ကောင်စီ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဟာ လုံးခင်းကျေးရွာအုပ်စုမှာ မွဲဆွယ်ဆိုင်းဘုတ်ထောင်ခဲ့ပေမယ့် ဒေသခံတွေရဲ့ ဝေဖန်မှု အပြင်းအထန်ခံရပြီး ဆိုင်းဘုတ်ပြန်ဖြုတ်ချခဲ့ရပါတယ်။ လုံခြုံရေး မပေးနိုင်လို့ ဆိုင်းဘုတ်ပြန်ဖြုတ်ချခဲ့ရတာလို့ အဲ့ဒီ ကိုယ်စားလှယ်လောင်းက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ဒီနေ့ပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း(၃)မှာကချင်ပြည်နယ်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူနဲ့ ဖားကန့်မြို့တွေပါဝင်မယ်လို့ စစ်ကောင်စီကကြေညာခဲ့တာပါ။ ဇန်နဝါရီ၂၁ရက်နေ့က ထပ်မံထုတ်ပြန်တဲ့စာရင်းမှာတော့ မံစီ နဲ့ မိုးမောက်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပတော့ကြောင်းနဲ့ ဗန်းမော်မြို့ပေါ် ရပ်ကွက် တွေနဲ့ကျေးရွာ ၁၁ ခုမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။မံစီ နဲ့ မိုး​မောက် ကို KIA ကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ရွေးကောက်ပဲပြုလုပ်မယ်လို့ကြေညာထားတဲ့ ဗန်းမော်မြို့မှာ ဇန်နဝါရီလ၂၂ရက်ညက စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲလို့ ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ၂၃ဦးသေဆုံးပြီး ၃၀ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာကချင်ပြည်နယ်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်နေတယ်လို့ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၃ဦး သေဆုံး၊ ၁၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KHRWက ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ၂၂ရက်နေ့ကတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေပါဝင် ကချင်ပြည်နယ်မှာ၂၀၂၅ခုနှစ်အတွင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် ‌သေဆုံးသူအရပ်သား ၁၆၀ခန့်ရှိနေပြီဖြစ်ပါတယ်။

ဖားကန့်မှာ စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နဲ့ တိုက်ပွဲတွေလည်းဖြစ်ပွားနိုင်လို့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA၊KPDFပူးပေါင်းတပ်က ဒေသခံတွေကိုသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။